အတည်ပြုလူနာ၏ မိသားစုဝင် (၄)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ မြန်မာနိုင်ငံတွင်း ကူးစက်ခံရသူ (၂၀)ဦးရှိလာ

အတည်ပြုလူနာ၏ မိသားစုဝင် (၄)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ မြန်မာနိုင်ငံတွင်း ကူးစက်ခံရသူ (၂၀)ဦးရှိလာ
ဧပြီ 2, 2020
By Tachileik News Agency

အတည်ပြုလူနာ၏ မိသားစုဝင် (၄)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍  မြန်မာနိုင်ငံတွင်း ကူးစက်ခံရသူ (၂၀)ဦးရှိလာ

မြန်မာနိုင်ငံ၏ (၁၅)ယောက်မြောက် အတည်ပြုလူနာ၏ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ရှိနေအိမ်မှ မိသားစုဝင် (၄) ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေတွေ့ရ၍ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၂၀)ဦး ရှိလာပြီဖြစ်သည်။

ရန်ကုန်မြို့ရှိ ပြင်ပဆေးရုံတစ်ခုမှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတွင် COVID 19 ပိုးတွေ့ရကြောင်း ဧပြီလ (၁)ရက်နေ့တွင် ဓါတ်ခွဲအတည်ပြုချက်ရခဲ့ပြီးနောက် အဆိုပါ အမျိုးသမီး၏ အသက် (၄၇)နှစ်အရွယ် ခင်ပွန်း၊ အသက် (၁၀)နှစ်အရွယ် သားဖြစ်သူ၊ အသက် (၈)နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် (၁၈)နှစ်အရွယ် တူမဖြစ်သူတို့အား ပေါက်ခေါင်းမြို့ရှိနေအိမ်၌ အသွားအလာကန့်သတ်၍ ဓါတ်ခွဲနမူနာယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဧပြီလ (၂)ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦးတွင် COVID 19 ပိုးတွေ့ရပြီး ကျန်လူများတွင် ပိုးမတွေ့ရကြောင်း သိရသည်။

 COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးရှိသည့်အနက် မတ်လ (၃၀)ရက်နေ့တွင် COVID 19 ခံစားရသည့် နှာခေါင်းကင်ဆာဝေဒနာရှင်မှာ သေဆုံးသွားပြီး ကျန် (၁၉)ဦးမှာ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၉) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦးနှင့် သတ်မှတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး စီစဉ်လျက်ရှိသည့် လူနာသစ် (၄)ဦး ရှိနေခြင်းဖြစ်သည်။

ကုသမှုခံယူနေသည့် လူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပြီး ကျန်လူနာများမှာ အခြေအနေတည်ငြိမ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီလ (၁)ရက်နေ့၊ ညနေ (၆) နာရီမှ ဧပြီလ(၂) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~