ရှမ်းမြောက်သွားသည့်လမ်းများ ပျက်စီးကာ ကားအစီးရာချီပိတ်မိနေ

ရှမ်းမြောက်သွားသည့်လမ်းများ ပျက်စီးကာ ကားအစီးရာချီပိတ်မိနေ
အောက်တိုဘာ 2, 2024 | 2021 Military Coup| ရှမ်းမြောက်

တိုက်ပွဲနှင့် လမ်းဖျက်ဆီးခံရမှု အခြေအနေများကြောင့် အဓိကလမ်းမကြီး အသုံးမပြုနိုင်ဘဲ ရှောင်ကွင်းလမ်းများမှ သွားလာနေရသည့် ကုန်သွယ်ရေးလုပ်သူများနှင့် ခရီးသွားများမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆမ္မဆယ်-လွန်းကျော်ကွင်းလမ်းနှင့် နမ့်လန်-ကျောက်ဂူလမ်းပိုင်းတို့တွင် လမ်းပိုင်းများပျက်စီးမှု၊ အစစ်အဆေးများမှုကြောင့် ကားများရာချီပိတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါလမ်းပိုင်းများသည် ပြည်ထောင်စုလမ်းမကြီးသို့မရောက်ခင် လမ်းပိုင်းများဖြစ်ပြီး ယင်းမှတဆင့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာနှင့် မူဆယ်တို့ကို သွားလာနိုင်ကာ ဆမ္မဆယ်-လွန်းကျော်ကွင်းလမ်းတွင် ကားများနွံနစ်ခြင်းနှင့် တိမ်းမှောက်နေခြင်းတို့ကြောင့် လမ်းပိတ်နေသည်ဟု သိရသည်။

“မိန်းလမ်းမကြီးကသွားလို့မရကြလို့ အဲဒီလမ်းပိုင်းတွေကနေတဆင့် သွားလာနေကြရတာပါ။ အင်ဝိုင်းကွင်းလမ်းက မြေတူးထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့လမ်းတွေပါ။ အိမ်စီးကားငယ်တွေမှာ ဆန်၊ ဆေး၊ ဆီ တွေ တင်လာရင် ချပြီးယူသွားတာ။ အခုက လမ်းပိုင်းမှာတင်ပဲ (၂)ညအိပ်၊ (၃)ညအိပ်နဲ့ မိုးကလည်းရွာဆိုတော့ အခြေအနေက ပိုဆိုးနေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

နမ့်လန်-ကျောက်ဂူလမ်းပိုင်းတွင်လည်း ကားကြီးများပင် သွားလာရခက်ခဲနေပြီး ကားငယ်များမှာ သွားလာရန်ပင် အဆင်မပြေသည့် အခြေအနေဖြစ်နေသည့်အပြင် စစ်ကောင်စီတပ်၏ အစစ်အဆေးမှာလည်း တင်းကြပ်ထားခြင်းကြောင့် ကုန်သယ်များ အခက်အခဲများဖြစ်သည်ဟု ဆိုသည်။

“နမ့်လန်သွားမယ်ဆို ရပ်စောက် အရမ်းရစ်ပါတယ်။ ဗထူးတပ်ကပါ။ စစ်ကောင်စီတပ်ရဲ့ လုပ်ပိုင်ခွင့် ဂွင်လမ်းတွေပေါ့။ နမ့်လန်-ကျောက်ဂူလမ်းပိုင်းမှာ တံတားတစ်ခုလည်း ကျိုးနေတယ်။ လမ်းတွေပျက်နေတာ။ တိုက်ပွဲကြောင့် အာမခံချက်မရှိတဲ့လမ်းပါ။ အင်ဝိုင်းကွင်းလမ်းကတော့ ဖျက်ဆီးခံထားရလို့ ဆိုင်ကယ်ကို အထမ်းသမားနဲ့ထမ်းရင် တစ်စီး (၁၅,၀၀၀) ကျပ်၊ (၂၀,၀၀၀)ကျပ်လောက် ပေးရပါတယ်။ တော်တော်ခက်ခဲနေကြတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးအထွက် (၁၆)မိုင်ဂိတ်က စတင်၍ ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးနေပြီး လူတိုင်း၏ မှတ်ပုံတင်ကို တောင်းကြည့်ခြင်း၊ ပြင်ဦးလွင်သို့သွားမည်ဆိုက (၁၃/)မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ရစ်ခြင်းများ ပြုလုပ်ကာ ငွေကြေးတောင်းခံသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ