ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် (၂)ဆောင် ပျက်စီးပြီး အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိ

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် (၂)ဆောင် ပျက်စီးပြီး အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိ
အောက်တိုဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် (၂) ဆောင် ပျက်စီးပြီး အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ကော့ကရိတ်မြို့နယ် လေးကေကော်မြို့သစ်အနီး စစ်ကောင်စီ၏ စွယ်တော်ကုန်း အမြောက်တပ်စခန်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ဒေါနအရှေ့ခြမ်း ဖလူးကြီးကျေးရွာ စာသင်ကျောင်းဆောင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းဆောင် (၂)ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ အောက်တိုဘာလ (၁)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် ဖလူးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၊ စစ်ကောင်စီလက်နက်ကြီး ပထမဆုံး အကြိမ် ပစ်ခတ်ချိန်တွင် ကျေးရွာစာသင်ကျောင်းမှ ဆရာနှင့်ဆရာမများမှ ကလေးငယ်များအား နေအိမ်သို့ အမြန်ပြန်လွှတ်ခဲ့သည့်အတွက် နောက် (၅)မိနစ်အကြာတွင် စာသင်ကျောင်းသို့ လက်နက်ကြီး တိုက်ရိုက်ထိမှန်ချိန်၌ ထိခိုက်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း Cobra Column 2 VENOM အဖွဲ့ထံမှ သိရသည်။

ပစ်ခတ်မှုကြောင့် ကျောင်းသား၊ကျောင်းသူနှင့် ဆရာ၊ဆရာမများ ထိခိုက်မှု မရှိသော်လည်း ဖလူးလေး ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီး (၁)ဦး နှင့် အမျိုးသား (၁)ဦးတို့ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ-တပ်မဟာ (၆)၊ ဒူးပလာယာခရိုင် အတွင်းရှိ စစ်ကောင်စီတပ်၏ အဓိကကျသော တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲအနေဖြင့် နေ့စဉ်နှင့်အမျှ ဖော်ဆောင်လျှက်ရှိနေပြီး စစ်ကောင်စီတပ်များမှလည်း လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း၊ ရမ်းသမ်း၍သော်လည်းကောင်း ပစ်ခတ်လျှက်ရှိနေပြီး လေကြောင်းဖြင့်လည်း လိုက်လံဗုံးကြဲလျှက်ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း ဒေသခံ (၂၁၀,၂၆၅)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU