လားရှိုးမြို့ မန်နားကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး (၄)လုံး ကြဲချ

လားရှိုးမြို့ မန်နားကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး (၄)လုံး ကြဲချ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်နားကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ ညပိုင်းတွင် ပေါင်(၅၀၀)ဗုံး (၄)လုံး ကြဲချရာ နေအိမ်များ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် အမှတ်(၁၂)ရပ်ကွက်၊ မန်နားကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား(၉)ဦး ဒဏ်ရာရကာ ယင်းအထဲမှ (၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်၊ အဆောက်အဦးများ၊ ရုံးများနှင့် ဈေးများ ပျက်စီးဆုံးရှုံးရမှုမှာ တိုက်ပွဲကာလကထက် ပျက်စီးမှုပိုများနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ နေ့စဉ် စိုးရိမ်နေကြရသည်ဟု ဆိုသည်။

တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု (၁၀)ကြိမ်ကြောင့် အရပ်သား(၂)ဦး သေဆုံးပြီး (၄၀)ကျော် ဒဏ်ရာရလာသဖြင့် ဒေသခံများ လားရှိုးမြို့ကို ပြန်လည်စွန့်ခွာလာကြသည်ဟုလည်း ဒေသခံများထံမှစုံစမ်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် လားရှိုးမြို့ကို ညစဉ် ညတိုင်း ပြည်သူများ အိပ်နေချိန်တွင် လေကြောင်းမှ လာရောက်ပြီး ပြည်သူများ၏ နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

#TachileikNewsAgency

Photo: Nay Wai Soe