မဲခေါင်မြစ်ဘေး ဇွဲသာယာဆိပ်ကမ်းကနေ ကားနှင့်ကုန်ပစ္စည်းများ တရားမဝင် ခိုးသွင်းမှု မရှိစေရေး စောင့်ကြည့်တားဆီးရန် ညွှန်ကြားထား

မဲခေါင်မြစ်ဘေး ဇွဲသာယာဆိပ်ကမ်းကနေ ကားနှင့်ကုန်ပစ္စည်းများ တရားမဝင် ခိုးသွင်းမှု မရှိစေရေး စောင့်ကြည့်တားဆီးရန် ညွှန်ကြားထား

မြန်မာ-ထိုင်း-လာအို ရွှေတြိဂံဒေသ မဲခေါင်မြစ်ဘေးရှိ တာချီလိတ်မြို့နယ်အပိုင်း ဝမ်ပုံဆိပ်ကမ်းအနီး ဇွဲသာယာဆိပ်ကမ်းကနေ တရားမဝင် မော်တော်ကားများနှင့် ကုန်ပစ္စည်းများ တင်သွင်းနေမှုကို စောင့်ကြည့်သွားရန်နှင့် ခွင့်မပြုရေးအတွက် ညွှန်ကြားထား‌ကြောင်း သိရသည်။

"အစည်းအဝေးမှာတော့ ဦးဇွဲရဲ့ ဇွဲသာယာဆိပ်ကမ်းကနေ တရားမဝင် ကုန်ပစ္စည်း တင်ပို့တာတွေ၊ တင်သွင်းတာတွေကို မလုပ်စေဖို့အတွက် တားဆီးရေး ဆွေးနွေးထားသလို အစည်းဝေး ဆုံးဖြတ်ချက်မှာလည်း အဲ့ကိစ္စကို အတည်ပြုထားတယ်။ အစည်းအဝေးထဲမှာပဲ ပြီးမလား တကယ် လက်တွေ့ စောင့်ကြည့် ကိုင်တွယ်မလားဆိုတာကတော့ မပြောတတ်ဘူး"ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ဌာနတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

အဆိုပါ အစည်းအဝေးကို ပြီးခဲ့သည့်လက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည့် ဘိန်းစာရည်များနှင့် ပတ်သက်၍လည်း စက်တင်ဘာအတွင်းက အဖမ်းပြခဲ့သည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ရောင်းချနေသည့် ဘိန်းစာရည်များကို ရောင်းချမှု မရှိစေရေးအတွက် တားဆီးပိတ်ပင်ရန် အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးပြီးနောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီး မယ်ခေါင်ရပ်ကွက်အတွင်း (၂)လမ်းရှိ နေအိမ်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့က အမျိုးသား (၃)ဦးနှင့်အတူ ဘိန်းစာရည်ထုတ်လုပ်သည့် ပစ္စည်းများကို သိမ်းဆည်း ဖမ်းဆီးပြခဲ့ကြသေးသည်။

ဦးဇွဲ(ခ)ဦးမြင့်နိုင်ထွန်း၏ ဇွဲသာယာဆိပ်ကမ်းနှင့်ပတ်သက်၍လည်း တရားမဝင် ကုန်ပစ္စည်းတင်ပို့ တင်သွင်းခြင်း လုံးဝ ဆောင်ရွက်ခွင့်မပြုရန် အစည်းအဝေးတွင် ဆုံးဖြတ်ထားသော်လည်း လက်ရှိ မြေပြင်တွင် အမှန်တကယ် လုပ်ဆောင်နိုင်မည့် အဖွဲ့အစည်းဌာန တိတိကျကျ မရှိသေးဟု သိရသည်။

"ဦးဇွဲရဲ့ ဇွဲသာယာဆိပ်ကမ်းကနေ တရားမဝင် ကုန်ပစ္စည်းတင်သွင်းနေတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ ဘယ်ဌာနက စောင့်ကြည့် ကိုင်တွယ်မလဲ ဆိုတာ တိတိကျကျ မသိရသေးဘူး။ ဦးဇွဲက တပ်ကိုလည်း ပိုင်တဲ့သူဖြစ်သလို သူ့လူသတ်မှုတောင် ထောင်မကျဘဲ လွတ်လာတဲ့သူဆိုတော့ ရပ်ကျေးအဆင့်လောက်နဲ့ကတော့ ဖြုံမှာမဟုတ်ဘူး။ ဒါကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကလည်း သိနေတာပဲ။"ဟု ၎င်းက ဆိုသည်။

ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ)ဦးမြင့်နိုင်ထွန်းသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က  အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှုဖြင့် ဝမ်ပုံနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ (ပ) ၃၈/၂၀၂၂၊ အမှုကြီး အမှတ်စဥ် (၂/၂၀၂၂) ဖြင့် ဖမ်းခံရပြီးနောက် ၂၀၂၃ခုနှစ်အတွင်း၌ ပြန်လည်လွတ်မြောက်လာသည့်အတွက် ရဲတပ်ဖွဲ့နှင့်တရားရေးတို့က လာဘ်စားခဲ့သည်ဟုလည်း ဒေသခံများအကြား သတင်းဆိုးများ ထွက်ပေါ်ခဲ့သေးသည်။

 

ဇွဲသာယာဆိပ်ကမ်းကနေ ကားနှင့်ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှု မရှိရေးကိစ္စကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ယခင်က တစ်ကြိမ်မှ မဆွေးနွေးခဲ့ဖူးသော်လည်း ယခုအခါတွင် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးလာရခြင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှု မရှိစေရေး ညွှန်ကြားထားခြင်းကြောင့် ယခုလို ထည့်သွင်း ဆွေးနွေးခြင်းဟုလည်း သိရသည်။

#TachileikNewsAgency