စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြု ပူးပေါင်းပါဝင်သွားမည်မဟုတ်ကြောင်း NLD ကြေညာ

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြု ပူးပေါင်းပါဝင်သွားမည်မဟုတ်ကြောင်း NLD ကြေညာ
သြဂုတ် 31, 2024 | 2021 Military Coup

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြု ပူးပေါင်းပါဝင်သွားမည် မဟုတ်ကြောင်းနှင့် ပါတီဥက္ကဠ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးအား အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ  ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄)ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး၊ တင်သွင်းလာသော အကြံပြုချက်များနှင့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း)ကို မှတ်တမ်းတင်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ ကြေညာသည်။

#TachileikNewsAgency