ရှမ်း(ရှေ့) အပါအဝင် နေရာအနှံ့ မိုးကြီးနိုင်သည့်အတွက် ယခင် ရေကြီးရေလျှံဖြစ်ခဲ့သည့် ဒေသများအနေဖြင့် မြေနှင့်တောင် ပြိုခြင်းများ ဖြစ်ပွားနိုင်

ရှမ်း(ရှေ့) အပါအဝင် နေရာအနှံ့ မိုးကြီးနိုင်သည့်အတွက် ယခင် ရေကြီးရေလျှံဖြစ်ခဲ့သည့် ဒေသများအနေဖြင့် မြေနှင့်တောင် ပြိုခြင်းများ ဖြစ်ပွားနိုင်
စက်တင်ဘာ 30, 2024 | အခြားဒေသများ

မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် အောက်တိုဘာလ(၂)ရက်နေ့အထိ မိုးကြီးနိုင်သည့်အတွက် ပြီးခဲ့သည့် ရက်များက ရေကြီးရေလျှံ ဖြစ်ခဲ့သည့် ဒေသများအနေဖြင့် မြေနှင့်တောင် ပြိုမှုများ ဖြစ်နိုင်သည့်အတွက် သတိထားရန် လိုအပ်မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့  နံနက်(၁၁)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က အသိပေးထားသည်။

"ယခင် ရေကြီးရေလွှမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတိုင်းအတွက်တော့ မိုးမများနိုင်ပေမဲ့ အောက်ခံမြေ စိုအိနေဆဲဖြစ်တာကြောင့် မြေပြို/တောင်ပြိုခြင်း ထပ်မံဖြစ်ပွားနိုင်တာ၊ တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းနိုင်တာတွေ သတိထားကြရပါမယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ပြောကြားထားခြင်း ဖြစ်သည်။

သတ်မှတ်ရက်များအတွင်း မိုးများနိုင်မည်ဖြစ်သော်လည်း မုန်တိုင်းအကြွင်းအကျန် လေပွေလိုင်းကဲ့သို့ ဝင်ရောက်လာသည့် မိုးတိမ်များ မဟုတ်သည့်အတွက် အလွန်အမင်း စိုးရိမ်စရာမဟုတ်သော်လည်း မိုးရေချိန် အများဆုံး (၄)လက်မှ (၅)လက်မ ဝန်ကျင်သာ နေရာကွက် မိုးများနိုင်ကာ မိုးတိမ်တောင်များ ရွေ့လျားဝင်ရောက်မှုများကြောင့် စိုက်ဆင်းလေပြင်း အန္တရာယ်ကိုတော့ သတိထားကြဖို့လိုကြောင်းလည်း အသိပေးထားသည်။

"အောက်တိုဘာ ၅ ရက်ကျော်သွားရင်တော့ မိုးများနိုင်မဲ့ အခြေအနေတွေ လွန်မြောက်ပြီဖြစ်တာကြောင့် မိုးနှောင်းကာလ-မိုးလွန်ကာလတွေမှာ အခါလွန်မိုး(ဖျက်မိုး)တွေ လာနိုင်မဲ့ အခြေအနေက လျော့ပါးသွားနိုင်မယ်လို့ ကြိုတင်သုံးသပ်ခန့်မှန်းရပါတယ်။"ဟု ဦးဝင်းနိုင်က ပြောထားသည်။

မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေရာအနှံ့အပြားတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းကစပြီး အောက်တိုဘာလ(၂)ရက်နေ့အထိ (၄၈)နာရီအတွင်း မိုးရေချိန် (၃)လက်မနှင့်အထက် မိုးများနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က  အသိပေးထားသည်။

အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ်များတွင် မိုးများပြီး ရေကြီးရေလျှံမှုအထိ ဖြစ်ပွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"မိုးတိမ်များရွေ့လျား ဝင်ရောက်သည့်လမ်းကြောင်းပေါ်ရှိ အထက်ပါ ပြည်နယ်တိုင်းများအတွင်းမှ မြို့များဝန်းကျင်တွင် ၁၈၀ မီလီမီတာနှင့်အထက်(၇ လက်မခန့်)အထိ မိုးများနိုင်ပါမယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။

#TachileikNewsAgency