ပေါင်းတည်မြိုနယ် ရွာသစ်ကြီးအုပ်စုမှ စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ပေါင်းတည်မြိုနယ် ရွာသစ်ကြီးအုပ်စုမှ စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် ရွာသစ်ကြီးအုပ်စုမှ စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းထံမှ သိရသည်။

ပေါင်းတည်မြို့နယ် ရွာသစ်ကြီးအုပ်စု မြွေကြီးတွင်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး တင်ဦးအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ ညနေ (၆) နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၎င်း၏ နေအိမ်တွင် သွားရောက်ပစ်ခတ်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်းခြင်း ၊ ရဲ၊ စစ်တပ်နှင့် ပူးပေါင်းပြီး ဆိုင်ကယ်ဖမ်းဆီး ပေါ်တာဆွဲရာတွင် လိုက်ပါဆောင်ရွက်ခြင်း ၊ အုပ်စုအတွင်း မီတာခနှင့် တောင်သူချေးငွေများကို ထွေအုပ်စာရေးမနှင့်ပေါင်းပြီး ကောက်ခံပေးခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအား ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၅) နှင့် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PPDF တပ်ရင်း တပ်ခွဲ (၄) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း စစ်ကောင်စီနှင့် ပေါင်းပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေသည့် ကျန်ရှိနေသည့် မြို့ပေါ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီအလိုကျ လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ဌာနအသီးသီးမှ ဝန်ထမ်းများကိုလည်း ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency