KNU ၏ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။
ဆောထိမြို့နယ် ဂွေးကုန်းကျေးရွာကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ ညနေ (၅) နာရီခွဲတွင် စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးသီး (၁၀)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ၄င်းအိမ်မှ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ (၂၇)ရက်နေ့ နေ့လယ် (၁၁)နာရီနှင့် ညနေ (၆) နာရီခန့်တွင် စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ (၁၂၀) မမ နှင့် ဟောင်ဝစ်ဇာ လက်နက်ကြီး စုစုပေါင်း (၉)လုံးခန့် ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနှင့် ထမင်းရုံကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
၎င်းတပ်ရင်းမှ ည (၉)နာရီခန့်တွင် (၁၅၅)မမ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁)လုံးကို ထပ်မံပစ်ခတ်ခဲ့ရာ ထမင်းရုံကျေးရွာနှင့် ပျဉ်ရေကြီးကျေးရွာ တို့အကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
Photo: KNU