နိုင်ငံရေးနည်းဖြင့် ဆွေးနွေးမည်ဟု ဖိတ်ခေါ်ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်ကို စစ်ကြောင်းထိုး

နိုင်ငံရေးနည်းဖြင့် ဆွေးနွေးမည်ဟု ဖိတ်ခေါ်ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်ကို စစ်ကြောင်းထိုး

စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးရန် ဖိတ်ခေါ်ပြီး နောက်တစ်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခြေဆေးရွာကို  စစ်ကြောင်းထိုး တိုက်ခိုက်ကြောင်း သိရသည်။

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၄ ခုနှစ်  စက်တင်ဘာလ (၂၆)ရက်နေ့တွင် ဆွေးနွေးပွဲဖိတ်ခေါ်ပြီးနောက် စက်တင်ဘာလ (၂၇)ရက်နေ့တွင် အင်အား ရာဂဏန်းဖြင့် မြင်းခြံမြို့တောင်ဘက် (၃)မိုင်ခန့်အကွာရှိ ခြေဆေးရွာကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

“ခြေဆေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက် ကျဆုံးမှုတော့ မသိရသေးဘူး။ သူတို့ဘက်က မနိုင်တော့တဲ့အဆုံးမှာ လေယာဉ်၊ ဒရုန်းသုံးပြီးတော့ တိုက်ခိုက်တယ်။”ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် Myingyan Twenty one Guerilla Force – MTGF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အင်အား(၁၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ကွမ်းဆိုင်းနှင့် ခြေဆေးရွာကြားတွင် တော်လှန်ရေးတပ်ဖွဲ့အား လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတို့ဖြင့်ပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် ဆုတ်ခွာသွားသည်ဟု သိရသည်။

အဆိုပါ ကျေးရွာကို စစ်ကြောင်းမထိုးမီ စက်တင်ဘာလ (၂၂)ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး (၃)လုံးချ၍ တိုက်ခိုက်သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့က တိုက်ခိုက်မှုအတွင်း အရပ်သား အမျိုးသမီးတစ်ဦးသေဆုံးကာ အရပ်သား (၃)ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့တို့ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က စက်တင်ဘာလ (၂၆)ရက်နေ့က ထုတ်ပြန်ရာတွင် ၎င်းဆွေးနွေးရန်ဖိတ်ခေါ်သည့်အဖွဲ့များအား အကြမ်းဖက်အဖွဲ့များအဖြစ် ရည်ညွှန်းသုံးနှုန်းထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency