ရခိုင်ဒေသထိုးစစ်များ အရှိန်အဟုန်မြှင့်မည်ဖြစ်ကြောင်း AA အသိပေး

ရခိုင်ဒေသထိုးစစ်များ အရှိန်အဟုန်မြှင့်မည်ဖြစ်ကြောင်း AA အသိပေး

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိထားပြီး ထိုးစစ်များ အရှိန်အဟုန်မြှင့်မည်ဖြစ်ကြောင်း  အာရက္ခတပ်တော်(AA)က ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက်တွင် စစ်ကောင်စီ၏ စကခ(၅) လက်အောက်ခံ ခမရ (၃၄၆၊ ၃၇၃၊ ၃၇၂)တပ်ရင်းများ စုပေါင်းထားသော အင်အား(၁၀၀)ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် AA တို့ စက်တင်ဘာလ (၂၆)ရက်နေ့က (၂)နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

စက်တင်ဘာလ (၂၇)ရက်နေ့တွင်လည်း အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံးများဖြင့် နောက်ဆုတ်သွားခဲ့ရာ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းနှင့် ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ဂွမြို့နယ် ကျောက်ပါးစပ်ရွာအနီး ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

AA သည် မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နှင့် ၎င်းတို့သင်တန်းပေးထားသော မူဆလင်အကြမ်းဖက်တချို့၊ ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းနေသည်ဟု ထုတ်ပြန်ထားသည်။  

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီ၏ နခခ (၅)စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ဒေသအတွင်း အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မပြီးပြတ်သေးသည့် စစ်ကောင်စီလက်ကျန် စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ရေး ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk