လားရှိုးဆက်သွယ်ရေးတပ်မှ ထွက်ပြေးလာသည့် ဒုတိယဗိုလ်မှူးကြီးကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

လားရှိုးဆက်သွယ်ရေးတပ်မှ ထွက်ပြေးလာသည့် ဒုတိယဗိုလ်မှူးကြီးကို ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ ထွက်ပြေးလာသည့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးကို ရှမ်းပြည်နယ် ပင်လုံမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီတပ်ထံမှ သိရသည်။

လားရှိုးမြို့ အမှတ်(၇) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်မှူးကြီး ညီညီထွန်း(၄၅)နှစ်ကို ပင်လုံမြို့ လမ်းမတော်လမ်းသွယ်ရှိ စိန်နန်းတော်မိုတယ်၌ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီတပ်၏ ကြေးနန်းစာအရ သိရသည်။

ဒုတိယဗိုလ်မှူးကြီး ညီညီထွန်းသည် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် တပ်ရင်းမှထွက်ပြေးလာခြင်းဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် ထွက်ပြေးလာသည်ကိုမူ ကြေးနန်းစာတွင် ဖော်ပြထားခြင်းမရှိပါ။

လက်ရှိတွင် လားရှိုးမြို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ထားရာ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

#TachileikNewsAgency