လားရှိုးကို စစ်ကောင်စီထပ်မံဗုံးကြဲရာ အရပ်သား  ၂ ဦးသေဆုံး

လားရှိုးကို စစ်ကောင်စီထပ်မံဗုံးကြဲရာ အရပ်သား  ၂ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် လားရှိုးမြို့မစျေးကို ဗုံးကြဲချရာ ချယ်ရီရုံအတွင်း ကျရောက်ပေါက်ကွဲပြီး ရပ်ကွက်(၁) နယ်မြေ (၈)ကိုလည်း ဗုံးကြဲချရာ နေအိမ်အဆောက်အဦးများ ပျက်စီးကာ လူထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ရပ်ကွက်(၁)ဘက်မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေတယ်။ အရပ်သား (၅)ဦးထက်မနည်း ဒဏ်ရာရတယ်။ စျေးရုံမီးလောင်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် လားရှိုးမြို့ကို လူအိပ်ချိန်များတွင် ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှုများရှိပြီး အဆောက်အဦးများ ပျက်စီးခဲ့ရသည်။

#TachileikNewsAgency

Photo:Nay Wai Soe