စစ်ရှုံးစစ်ကောင်စီက နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သော်လည်း တော်လှန်ရေးတပ်များကို အကြမ်းဖက်ဟု သုံးနှုန်းထားဆဲ

စစ်ရှုံးစစ်ကောင်စီက နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သော်လည်း တော်လှန်ရေးတပ်များကို အကြမ်းဖက်ဟု သုံးနှုန်းထားဆဲ

စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ဖိတ်ခေါ်သည်ဟု ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့တွင် ထုတ်ပြန်သော်လည်း တော်လှန်ရေးအဖွဲ့အစည်းများကို အကြမ်းဖက်ဟု သုံးနှုန်းထားဆဲ ဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် ပြည်သူများကို သတ်ဖြတ်သဖြင့် လက်နက်စွဲကိုင်ကာ နွေဦးတော်လှန်ရေးဆင်နွှဲလာသည့် ပြည်သူများ၏ တော်လှန်ရေး(၃)နှစ်ကျော်တွင် စစ်ကောင်စီက ယင်းသို့ကမ်းလှမ်းလာခြင်းဖြစ်သည်။

မဲမသမာမှုကို အကြောင်းပြကာ အာဏာသိမ်းခဲ့သော်လည်း အာဏာသိမ်းမှုမအောင်မြင်သည့် စစ်ကောင်စီသည် ၎င်းတို့၏ထွက်ပေါက်ဖြစ်သည် ရွေးကောက်ပွဲကို ကျင်းပလိုနေပြီး တော်လှန်ရေးတပ်များက မြို့ပေါင်း(၇၀)ကျော်ကို သိမ်းထားပြီးဖြစ်သဖြင့် မဲစာရင်းကောက်ယူရေး ခက်ခဲနေသည့် စစ်ကောင်စီက ယခုကဲ့သို့ ကမ်းလှမ်းလာခြင်းဖြစ်သည်။ 

စစ်ရှုံးနေပြီဖြစ်သည့် စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန်ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ် အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၁)ရက်နေ့တွင် စတင်ကောက်ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်လည်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုးနစ်နာမှုများကိုထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်သူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

လက်ရှိတွင် တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲကို ဆန့်ကျင်မည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency