လျှပ်စစ်မီးပုံမှန်မပေးနိုင်သည့် စစ်ကောင်စီ ၆ ထပ်ဈေးသစ်တည်ဆောက်ရာတွင် ဆိုလာပြားများတပ်ဆင်နေရ

လျှပ်စစ်မီးပုံမှန်မပေးနိုင်သည့် စစ်ကောင်စီ ၆ ထပ်ဈေးသစ်တည်ဆောက်ရာတွင် ဆိုလာပြားများတပ်ဆင်နေရ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် တည်ဆောက်မည့် (၆)ထပ်အဆင့်မြင့်ဈေးသစ်ကို လျှပ်စစ်မီး ပုံမှန်မပေးနိုင်သည့် စစ်ကောင်စီက ဈေးကိုလျှပ်စစ်မီးရရှိရေး ဆိုလာပြားများပါ တပ်ဆင်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က ပြင်ဦးလွင်သို့ရောက်ရှိစဉ် ပြင်ဦးလွင်မြို့၌ အသစ်တည်ဆောက်မည့် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့်ဈေးသစ် စီမံကိန်းသို့ သွားရောက်ကြည့်ရှုရာ ၎င်းတို့ခန့် ဝန်ကြီးချုပ်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးပတ်လမ်းနှင့် ယာဉ်ရပ်နားရန်နေရာများ၊ ဓာတ်လှေကားများ၊ ရိုးရိုးလှေကားများထည့်သွင်းဆောင်ရွက်ထားမှု၊ အများပြည်သူသုံး အဆောက်အဦးဖြစ်သဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိမှု၊ အထပ်အလိုက် ဆိုင်ခန်းများဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ကလေးကစားကွင်းနေရာများ၊ ရုပ်ရှင်ရုံများထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆိုလာပြားများတပ်ဆင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်ဟု ထုတ်ပြန်ထားသည်။

၎င်း၏ တင်ပြချက်ကို စစ်ခေါင်းဆောင်က ဓာတ်လှေကားစနစ်တွင် လျှပ်စစ်ဓာတ်မပြတ်တောက်စေရေးသည် အရေးကြီးသဖြင့် ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြန်လည်ပြောဆိုသည်ဟု သိရသည်။

#TachileikNewsAgency