ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပြည်သူများအား ဖမ်ဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် ငွေကြေး အတင်းအဓမ္မကောက်ခံမှုများ ပြုလုပ်နေ

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပြည်သူများအား ဖမ်ဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် ငွေကြေး အတင်းအဓမ္မကောက်ခံမှုများ ပြုလုပ်နေ

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပြည်သူများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် ငွေကြေး အတင်းအဓမ္မကောက်ခံမှုများ ပြုလုပ်နေကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း စက်တင်ဘာလ (၁၉)ရက်နေ့ ညနေ (၃)နာရီ အချိန်တွင် စစ်ကောင်စီတပ် ခလရ-၅၇ တပ်ရင်းမှ (၈၁) မမ လက်နက်ကြီး တစ်လုံးပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စံဖဲကျေးရွာတွင် နေထိုင်သည့် ဦးဇင်း (၂)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် သံဆိပ်စခန်းမှ စစ်ကောင်စီ၏ စုပေါင်းစစ်ကြောင်းအဖွဲ့သည် သံဆိပ်ကျောကုန်း ရွာသူရွာသားများနှင့် အင်္ဂနီ ကျောက်တန်းရွာ ရွာသူ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ ပျဉ်ရေရွာနေ ကိုရဲမြင့်အောင်အား  စက်တင်ဘာလ (၂၀)ရက်နေ့ နေ့လယ် (၁၁) နာရီ (၅၅)မိနစ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း၌ ကျောက်တံခါး ရဲတပ်ဖွဲ့မှ စက်တင်ဘာ (၂၂)ရက်နေ့ နံနက် (၁၀) နာရီခွဲတွင် ဖျံတလင်းကျေးရွာနေ ပြည်သူနှစ်ဦးကို (၇၅၀,၀၀၀) ကျပ်နှင့် ၊ ဗောဓိကွင်းကျေးရွာနေ ပြည်သူနှစ်ဦးကို (၂၅၀,၀၀၀) ကျပ်ဖြင့် တောရကျောင်းဇရပ်ဝန်းကျင်တွင် ဖမ်းဆီး၍ ငွေကြေးအဓမ္မတောင်းယူပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU