လားရှိုးမြို့ ရပ်ကွက်တချို့၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ပြီး ကျန်ရှိနေသည့် နေရာများတွင် ဆက်လက်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MNDAA ဆို

လားရှိုးမြို့ ရပ်ကွက်တချို့၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ပြီး ကျန်ရှိနေသည့် နေရာများတွင် ဆက်လက်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MNDAA ဆို

လားရှိုးမြို့ရှိ ရပ်ကွက် ၄၊ ၅၊ ၆ နှင့် ၇ တို့၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ပြီး ကျန်ရှိနေသည့် နေရာများတွင်လည်း လျှပ်စစ်ဓာတ်အား ရရှိရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MNDAA မှ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့မှစ၍ လားရှိုးမြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိပြီးနောက်ပိုင်း လားရှိုးမြို့နယ်အတွင်း အများပြည်သူသုံးနေရာများတွင် လျှပ်စစ်မီးရရှိစေရေး အကျပ်အတည်းပြဿနာသည် သိသိသာသာ လျော့နည်းလာကြောင်း သိရသည်။

လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် အထူးဒေသ၏ လျှပ်စစ်နှင့် ရေအားကုမ္ပဏီမှ လားရှိုးလုပ်ငန်းအဖွဲ့၏ လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေး စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း ဆက်လက်ဆောင်ရွက်မှုများကြောင့် လျှပ်စစ်ဓာတ်အား လွှမ်းခြုံနိုင်သည့် ဧရိယာ ပိုမိုများပြားကြောင်း MNDAA က ဆိုသည်။

ယခင်စစ်ပွဲများကြောင့် ဓာတ်အားပေးစက်ကိရိယာများ ထိခိုက်ခြင်း ၊ ရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးခြင်း ၊ ထရန်စဖော်မာကဲ့သို့သော အဓိကပစ္စည်းများအား ခိုးယူခံရခြင်းတို့သည် ပြုပြင်ရေးအတွက် ကြီးမားသည့် အတားအဆီးများဖြစ်စေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လားရှိုးမြို့၌ ကျယ်ကျယ်ပြန့်ပြန့် လျှပ်စစ်ဓာတ်အားရရှိရန် အချိန်ယူရဦးမည်ဖြစ်ပြီး နေ့စဉ် လုပ်ငန်းအဖွဲ့များက လျှပ်စစ်လိုင်း ထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

 

လားရှိုးမြို့ခံ ပြည်သူများအနေဖြင့် စိတ်ရှည်ကြရန်နှင့် စက်ရုံနှင့် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှု ပြီးစီးပါက လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမှု ပကတိအခြေအနေများအပေါ် အခြေခံ၍ လျှပ်စစ်ဓာတ်အား တဖြည်းဖြည်း ပြန်လည်ရရှိလာမည်ဖြစ်ကြောင်း အထူးဒေသ လျှပ်စစ်ဓာတ်နှင့် ရေအားကုမ္ပဏီ၏ လားရှိုးလုပ်ငန်းအဖွဲ့ တာဝန်ခံ Mr.Yang Xiaohuo က ဆိုသည်။

တစ်ချိန်တည်းမှာပင် လားရှိုးလျှပ်စစ်ဓာတ်အား စီမံခန့်ခွဲရေးပွိုင့်သို့ လျှပ်စစ်မီး အမြန်ဆုံးရရှိရန် လာဘ်ပေးလာဘ်ယူ လုပ်ဆောင်နေသည့် ပြည်သူတချို့ရှိပြီး ၊ ပြည်သူများအနေဖြင့် လာဘ်ပေးလာဘ်ယူ လုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် အထူးဒေသ လျှပ်စစ်ဓာတ်နှင့် ရေအားကုမ္ပဏီ၏ လားရှိုးလုပ်ငန်းအဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: 果敢资讯网