ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်ကဗုံးကြဲရာ ကလေးငယ်အပါအဝင် ၁၁ဦး သေဆုံး

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်ကဗုံးကြဲရာ ကလေးငယ်အပါအဝင် ၁၁ဦး သေဆုံး

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် (၁၁)ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အသက်(၇)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ(၉)ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၂)ဦးပါဝင်သည်ဟု သိရသည်။ 

"မနေ့က ညနေ (၄)နာရီ (၅၀)မိနစ်မှာ ဗုံးကြဲ၊ ပစ်ခတ်မှုကြောင့် ကာကွယ်ရေးရဲဘော် (၂)ယောက် ကျပြီး ပြည်သူ (၉)ဦး သေဆုံးကာ ဒဏ်ရာရ ပြည်သူများခဲ့ပါတယ်။ ခန့်မှန်း ၂၀ ဦးလောက် ဒဏ်ရာရတယ်။"ဟု CDSOM တပ်ဖွဲ့မှ ကိုနွေဦး-မြောင် က Tachileik News Agency ကိုပြောသည်။

ထို့အပြင် ယနေ့ နေ့လယ်(၁)နာရီ (၁၅)မိနစ်တွင် သေဆုံးပြည်သူများအား စျာပနလုပ်မည်ဟုထင်ကာ ငါန်းမြာကြီးရွာ ပတ်ပတ်လည်ကို ဗုံးလိုက်ကြဲနေသည်ဟု ဆိုသည်။ 

"ဒီနေ့ အထိအခိုက်ရှိတယ်လို့တော့သိထားရတယ်။ ရွာထဲကနေ အကုန်ထွက်နေကြလို့ အတည်မပြုနိုင်သေးဘူးဗျ။"ဟု ၎င်းက ဆက်ပြောသည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငါန်းမြာကြီးရွာ၏ နေရာ (၄)ခုကို စစ်ကောင်စီတပ်က ယမန်နေ့က လေကြောင်းမှ ဗုံး(၆)လုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency