စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်လုပ်ရပ်များကြောင့် ချင်းပြည်နယ်တွင် ကလေးငယ် ၇၀ ကျော်သေဆုံး

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်လုပ်ရပ်များကြောင့် ချင်းပြည်နယ်တွင် ကလေးငယ် ၇၀ ကျော်သေဆုံး
စက်တင်ဘာ 20, 2024 | 2021 Military Coup| အခြားဒေသများ

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ချင်းပြည်နယ်အတွင်း ကလေးငယ် (၇၃)ဦးထက်မနည်း သေဆုံးကြောင်း Chin Human Rights Organization အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲခြင်းနှင့် အခြားသော အကြမ်းဖက်မှုပုံစံများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၇၃) ဦးထက်မနည်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး ဒါဇင်နှင့်ချီသောကလေးငယ်များ မိဘမဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကလေးငယ်များမှာ ကြောက်ရွံ့စိတ်ဖြင့် နေ့စဉ်ရှင်သန်နေထိုင်ရခြင်းဖြစ်ပြီး ကောင်းကင်ပေါ်တွင် လေယာဉ်သံကြားသည့် အချိန်တိုင်းတွင် အန္တရာယ်လာနေပြီဟူသော အသိစိတ်ဖြင့် အကာအကွယ်ရှာဖွေနေထိုင်ကြရကြောင်း CHRO အဖွဲ့က အသိပေးထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လ (၃၁)ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတဝန်း၌ ကလေးငယ် (၈၆၉)ဦး သေဆုံးခဲ့ပြီး အဆိုပါ သေဆုံးမှု ပမာဏသည် သေဆုံးသူအားလုံး အရေအတွက်၏ ၁၁.၁ ရာခိုင်နူန်း ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။

#TachileikNewsAgency