ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် နွံများအားရှင်းလင်းနေစဉ် အလောင်းများထပ်တွေ့နေရပြီး စစ်ကောင်စီတပ်က ပြင်ပကယ်ဆယ်ရေးသမားများကို ပေးမဝင်ဘဲ အင်အားပြကာ ကယ်ဆယ်ကူညီရေးလုပ်ကိုင်ပြနေကြောင်း ဒေသခံများထံမှ သိရသည်။
ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုနှင့် လူသေဆုံးမှုများသည့် ကလောမြို့တွင် စစ်ကောင်စီတပ်က ကယ်ဆယ်ရေးလုပ်ငန်းများကို အင်အားပြလုပ်ဆောင်ပြနေပြီး ပြင်ပကူညီကယ်ဆယ်ရေးယာဉ်များကိုပင် ပေးမရပ်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။
“မနေ့(စက်တင်ဘာလ ၁၈)က ဘောလုံးကွင်းမှာတွေ့တာ(၄)ဦးလို့ပြောပါတယ်။ အပြင်လူဝင်ခွင့်မရဘူး။ မနေ့က တစ်နေကုန် စစ်တပ်နဲ့ ရဲတွေဝင်ကြတယ်ဗျ။ စစ်တပ်နဲ့ရဲက အင်အားပြလုပ်အားပေးပုံစံဝင်တော့ အရပ်သားတွေ ကားတောင်ပေးမရပ်ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် ကလောမြို့အတွင်း နွံများတင်ကျန်နေသဖြင့် မိုးလင်းမိုးချုပ် နွံရှင်းလင်းနေကြရသည့် အခြေအနေဖြစ်ကာ ရေကြီးရေလျှံမှုကြောင့် နေအိမ်များပျက်စီးပြီး စာရင်းမကောက်နိုင်သည့် လူအသေအပျောက်များကြောင်း ဒေသခံများက ဆိုသည်။
“သူတို့က ရပ်ကွက်တွေထဲ ဝင်တာမဟုတ်ဘူး။ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ ပန်းခြံတို့ကိုဝင်ပြီး လုပ်ပြနေတာ။ နေ့တိုင်း စစ်ကောင်စီတပ်က ပတ်နေလိုက် လုပ်ပြလိုက် ဓာတ်ပုံရိုက်လိုက် ပြန်ထွက်သွားလိုက် လုပ်နေတာပဲ။ ရပ်ကွက်တွေထဲတော့ ဝင်ကူတာမျိုးမဟုတ်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကလောမြို့တွင် စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်းကြောင့် နေအိမ်များ ပျက်စီးကာ လက်ရှိတွင် ရေပြန်လည်ကျဆင်းသွားပြီဟု သိရသည်။
"လူအသေအပျောက်က များပါတယ်။ စာရင်းမကောက်နိုင်တော့ လူစာရင်းအတိအကျ မသိရတာပါ။ ရပ်ကွက် (၃) တစ်ခုတည်းမှာပဲ လူ(၄၀)ကျော်သေတာပါ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ကလောမြို့တွင် ရေဘေးသင့်သည့် အိမ်ခြေ(၄၃၃)အိမ်နှင့် အိမ်ထောင်စု(၅၂၀)ရှိပြီး လူဦးရေ(၁,၀၀၃)ဦးရှိပြီး အခက်အခဲများနှင့် ကြုံတွေ့နေသဖြင့် ကူညီပေးကြရန်လည်း ဒေသခံများက တောင်းဆိုနေသည်။
#TachileikNewsAgency