မူတြော်ခရိုင်အတွင်း ရေကြီးခြင်းနှင့် စပါးပိုးကျခြင်းတို့ကြောင့် ဒေသခံများ အခက်အခဲ ကြုံနေရ

မူတြော်ခရိုင်အတွင်း ရေကြီးခြင်းနှင့် စပါးပိုးကျခြင်းတို့ကြောင့် ဒေသခံများ အခက်အခဲ ကြုံနေရ
စက်တင်ဘာ 16, 2024 | အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း ရေကြီးရေလျှံသည့်အပြင် စပါးပိုးကျခြင်းတို့ကြောင့် ဒေသခံများမှာ တစ်ပူပေါ် တစ်ပူဆင့်ကာ အခက်အခဲများ ကြုံနေရကြောင်း KNU ဗဟိုထံမှ သိရသည်။

မူတြော်ခရိုင်အတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ၏ လဆန်းပိုင်းက စပြီး မိုးများလာကာ စက်တင်ဘာလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ခရိုင်အတွင်း ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားခြင်းကြောင့် ဒေသခံများ၏ နေအိမ်အချို့နှင့် စိုက်ပျိုးထားသော လယ်ယာများ ရေနှစ်မြုပ် ပျက်စီးခဲ့ရသည့်အပြင် မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာ ကရင်နီပြည်နယ်ကနေ ကေအဲန်ယူ−ဒူးသထူခရိုင် တလျှောက် အိမ်ခြေအဆောက်အဦး (၅၀၀) ထက်မနည်း ရေဘေးသင့်ခဲ့ရသော်လည်း ပြည်သူလူထု သေဆုံးမှုမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မူတြော်ခရိုင်အတွင်းရှိ မြို့နယ် (၃) ခုစလုံး၌ ဩဂုတ်လနှင့် စက်တင်ဘာလတို့အတွင်း မိုးများစွာ ရွာသွန်း မှုကြောင့် စပါးဖျက် ပိုးမွှားများ အများအပြား ကျရောက်ခဲ့ပြီး စပါးများအား ဖျက်ဆီးသောကြောင့် ဒေသအတွင်း စိုက်ပျိုးသော စပါးခင်းများ၏  (၅၀) ရာခိုင်နှုန်းထက်မနည်း ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ စပါး ဖျက်ပိုးမွှားများအား မနှိမ်နှင်းနိုင်ဘဲ ရှိနေသေးကြောင်း သိရသည်။

ပိုးမွှားများသည် မိုးရေများလာလျှင် ပိုများလာပြီး ၊ စပါးပင်များကို ပိုမိုဖျက်ဆီးလာကြောင်း ဒေသခံလယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

လက်ရှိအချိန်တွင် မြစ်ချောင်းများနဘေးတွင် စစ်ဘေးရှောင်နေသော ပြည်သူလူထုများ၏ တဲများမှာလည်း ရေဘေးဒဏ်ကြောင့် ရေထဲမျှောပါပျက်စီးခဲ့ရပြီး ဒေသအတွင်းရှိ ပြည်သူလူထုများအနေဖြင့် အမိုးအကာ နှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: KNU