ပုပ်ရဟန်းမင်းကြီးမှ မြန်မာနှင့် ဗီယက်နမ်တို့တွင် ရေဘေးအန္တရာယ်ကြုံတွေ့နေရသည့် ပြည်သူများအတွက် ဆုတောင်းစကားဆို

ပုပ်ရဟန်းမင်းကြီးမှ မြန်မာနှင့် ဗီယက်နမ်တို့တွင် ရေဘေးအန္တရာယ်ကြုံတွေ့နေရသည့် ပြည်သူများအတွက် ဆုတောင်းစကားဆို
စက်တင်ဘာ 15, 2024 | အခြားဒေသများ

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ မြန်မာနှင့် ဗီယက်နမ်တို့တွင် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများအတွက် ၄င်း၏ X လူမှုကွန်ယက်စာမျက်နှာမှတဆင့် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ ည(၆)နာရီခွဲအချိန်က ဆုတောင်းစကား  ဆိုခဲ့သည်။

"ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသော ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပြည်သူများနှင့် ရင်းနှီးမှုကို ဖော်ပြအပ်ပါသည်။ သေဆုံးသွားသူများ၊ ဒဏ်ရာရသူများနှင့် အိုးမဲ့အိမ်မဲ့များအတွက် ဆုတောင်းပေးပါသည်။  ဘုရားသခင်သည် ၎င်းတို့၏ ချစ်ရသူနှင့် ၎င်းတို့၏ နေအိမ်များကို ဆုံးရှုံးခဲ့ရသူများအား ထောက်ပံ့ပေးကာ အကူအညီများ သယ်ဆောင်လာသူများကို ကောင်းချီးပေးပါစေ။" ဟု အဓိပ္ပါယ်ရသည့် အဂ်လိပ်ဘာသာစကားဖြင့် ၄င်း၏ X လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ဆုတောင်းစကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယာဂိမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီး၊ရေလျှံ မြေပြိုမှုများဖြစ်ပေါ်နေပြီး ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ ( ၇၄ ) ဦးရှိပြီး ၊ ပျောက်ဆုံးနေသူ ( ၈၉ ) ဦးရှိကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသော်လည်း တကယ့် မြေပြင်တွင် သေဆုံးနှင့်ပျောက်ဆုံးသူများသည် ပို၍ များကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည် ။

လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံတွင် ယာဂိမုန်တိုင်း ဝင်ရောက်မှုကြောင့် သေဆုံးသူ ( ၂၅၀ ) ကျော်ရှိပြီ ဖြစ်ပြီး ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျှက်ရှိသည် ။