အာဏာသိမ်းပြီးနောက် ရုရှားသို့ ခဏခဏသွားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် တတိယအကြိမ် ခရီးစဉ်မှ ပူတင် နှင့် တွေ့ဆုံခွင့်ရ

စက်တင်ဘာလ(၇)ရက်နေ့တွင်  ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခွင့်စဉ်
စက်တင်ဘာလ(၇)ရက်နေ့တွင်  ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခွင့်စဉ်
အာဏာသိမ်းပြီးနောက် ရုရှားသို့ ခဏခဏသွားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် တတိယအကြိမ် ခရီးစဉ်မှ ပူတင် နှင့် တွေ့ဆုံခွင့်ရ
စက်တင်ဘာ 7, 2022 | အခြားဒေသများ

နိုင်ငံ့အာဏာသိမ်းပြီး ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားသည့်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တတိယအကြိမ်မြောက်ခရီးစဉ်မှ  ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံခွင့်ရရှိပြီး သီးသန့် တခမ်းတနားတွေ့ဆုံခြင်း မဟုတ်သည်ကို တွေ့ရသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံသို့  ၂၀၂၂ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က သွားရောက်ပြီးနောက် စက်တင်ဘာလ(၇)ရက်နေ့တွင်  ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခွင့်ရရှိလိုက်ခြင်း ဖြစ်သည်။

၎င်းတို့ တွေ့ဆုံရာတွင် တခမ်းတနားဖြင့် အထူးသီးသန့် တွေ့ဆုံခြင်း မဟုတ်ဘဲ Eastern Economic Forum ၏ နောက်ခံစာတမ်းများရေးထိုးထားသည့် နေရာတွင် ဖိုရမ်၏ အစီအစဉ်ဖြင့် တွေ့ဆုံခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှားသမ္မတ ပူတင်ကို ဘာသာပြန်ကနေ တဆင့် မြှောင့်ပင့်ပြောဆိုသည်ကို ဗီဒီယို မှတ်တမ်းကနေ တဆင့် သိရသည်။

"အဆွေတော်ရဲ့  ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံ အခုလို ထိပ်တန်းနိုင်ငံဖြစ်လာတဲ့အတွက်ကြောင့် အဆွေတော်ရဲ့  ခေါင်းဆောင်မှုလည်း များစွာ ချီးကျူးဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။ အဆွေတော်က ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့မှ ကမ္ဘာ့အရေးအခင်းကိစ္စများကိုလည်း သမာတမတ် ကျကျ မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်နေတာကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်။"ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေသည့် ပူတင်ကို မြှောက်ပင့် ပြောဆိုခြင်းဖြစ်သည်။

၎င်းနောက် ရုရှားသမ္မတ ပူတင်က မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ကိုလည်း ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း နှင့် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ရုရှား၏ ရေရှည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားသည်။

ယူကရိန်းကို ကျူးကျော်မှုကြောင့် အနောက်အုပ်စု၏  စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းကို အလူးအလဲခံနေရသည့် ရုရှားက ၎င်း၏ စီးပွားရေးအရင်းအမြစ်အသစ်များကို ရှာဖွေနေခြင်းလည်း ဖြစ်သည်။



၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စပြီး အရပ်သားအစိုးရကို ဖမ်းဆီးကာ အာဏာသိမ်းလိုက်သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရဟု ဆိုကာ ၎င်းနှင့်တပည့်များနှင့် သွားရောက်ခဲ့ပြီး ဇူလိုင်လ(၁၀)ရက်နေ့က  ၎င်း၏ ဇနီးနှင့် တပည့်များကို ခေါ်ပြီး  အလုပ်သဘောအရဟုဆိုကာ ဒုတိယအကြိမ်မြောက်သွားခဲ့သေးသည်။

ယခု တတိယအကြိမ်မှာ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က သွားရောက်ခြင်းဖြစ်ပြီး ၎င်း၏ ဇနီးကို မခေါ်တော့ဘဲ စစ်ကောင်စီဝန်ကြီးများကို ခေါ်၍ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရဟုဆိုကာ သွားရောက်နေခြင်း ဖြစ်သည်။