တစ်နိုင်ငံလုံး နီးပါး ရေဘေးကြောင့် ပြည်သူများ သောကရောက်နေချိန်တွင် စစ်ကောင်စီ လေတပ်က နောင်ချိုမြို့ကို ဗုံးကြဲ

တစ်နိုင်ငံလုံး နီးပါး ရေဘေးကြောင့် ပြည်သူများ သောကရောက်နေချိန်တွင် စစ်ကောင်စီ လေတပ်က နောင်ချိုမြို့ကို ဗုံးကြဲ
စက်တင်ဘာ 15, 2024 | 2021 Military Coup| ရှမ်းမြောက်

 တစ်နိုင်ငံလုံး နီးပါး ရေဘေးကြောင့် ပြည်သူများ သောကရောက်နေချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း နောင်ချိုမြို့ တွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ညပိုင်းအချိန်ကြီးတွင် လေကြောင်းကနေ လာရောက်ပြီး ဗုံကြဲချသွားကြောင်း သိရသည်။

 စစ်ကောင်စီ၏ လေတပ်သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ ည(၁၁)နာရီ မိနစ်(၅၀)ဝန်းကျင်တွင် ဗုံး(၃)လုံး လာရောက်ကြဲချသွားရာ ဗုံး(၂)လုံး ပေါက်ကွဲပြီး (၁)လုံးမှာ မကွဲကြောင်း သိသည်။

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် တောင်ရပ် ကံကြီးလမ်းပေါ်ရှိ လူနေအိမ်တစ်လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း နှင့် အနီးအနားရှိ နေအိမ်များသို့လည်း အစအနများ ထိမှန်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နေရာတော်တော်များများတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က စပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းကြောင့် ရေဘေးသင့်ပြည်သူများမှာ ဒုက္ခရောက်နေကြရသလို ရေဘေးမသင့်သည့်ပြည်သူများကလည်း လှူဒါန်းပေးနိုင်ရန်အတွက် စိတ်သောကများရောက်နေရချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ဗုံးကြဲမှုများကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။



ရှမ်းပြည်နယ်အတွင်း တောင်ပိုင်း နှင့် အရှေ့ပိုင်းတို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံ ရေဖုံးလွှမ်းမှုများ ကြုံနေရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းကနေ နေ့စဉ် ညစဉ် ဗုံးကြဲတိုက်ခိုက်မှုကို ကြုံနေရခြင်း ဖြစ်သည်။

 

Photo: Mayme Lynn Aung, CJ