ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမည့် နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမည့် နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
စက်တင်ဘာ 13, 2024 | သဘာဝပတ်ဝန်းကျင်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမည့် နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး နောက် (၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်း အသိပေးထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ခြင်းကြောင့် လာမည့် နှစ်ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်လိုအပ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန