တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်အပိုင်း ဝမ်မိုင်ရှိ ရာဘာခြံတောင်ကနေ နေအိမ်ပေါ် မြေပြိုလာမှုများကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့အထိ သေဆုံးသူ (၆)လောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများမှာ ဆေးကုသမှု ခံယူနေလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး စက်တင်ဘာလ(၁၃)ရက်နေ့က အလုံးစုံရှာဖွေရာ စုစုပေါင်း သေဆုံးနေသူ (၆)ဦး၏ အလောင်းများကို တူးဖော်တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
မြေပိပြီး သေဆုံးနေသူများမှာ အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၁)ဦး အပြင် (၃)နှစ်အရွယ် ကလေး(၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။
မြေပိပြီး ပိတ်မနေရာမှာ သေဆုံးသွားသူများကို ရပ်ကွက်တွင်းနေသူများ နှင့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းတို့ တူးဖော်ရှာဖွေခဲ့ကြပြီးနောက် တွေ့ရှိလာသည့် သေဆုံးသူများ၏ ရုပ်လောင်းများကို ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မိုးရာသီကာလအတွင်း မြေပြို၍ အစုလိုက် အပြုံလိုက် သေဆုံးခြင်းအဖြစ် လွန်ခဲ့သော ၂၀၁၄ခုနှစ် ဇူလိုင်လအတွင်းကလည်း ဝမ်ကောင်းရပ်ကွက်အတွင်း သရက်တောဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တွင် မြေပြိုမှုကြောင့် လူ(၇)ဦးအထိ သေဆုံးမှုလည်း ရှိခဲ့သေးသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ(၁၃)ရက်နေ့ကနေ ယနေ့စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ရေများမှာ ကျသွားပြီဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် တင်ကျန်ခဲ့သည့် ရွှံ့နွံများဖြင့် ရေများဝပ်၍ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း