မိုခါ မုန်တိုင်းက ရခိုင်ကမ်းရိုးတန်းဒေသများကို စတင် ဖြတ်ကျော်နေ

မိုခါ မုန်တိုင်းက ရခိုင်ကမ်းရိုးတန်းဒေသများကို စတင် ဖြတ်ကျော်နေ

 အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင် ဖြတ်ကျော်လျက်ရှိကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် ယနေ့ ၂၀၂၃ခုနှစ် နံနက် (၅)နာရီခွဲဝန်းကျင်က စပြီး စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၃၅)မိုင်ခန့်ကို ဗဟိုပြုနေပြီး မုန်တိုင်း၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်(ကန်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း စတင်တိုက်ခတ်နေခြင်း)ဟု မိုးဇလက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၂၅)မိုင်မှ (၁၃၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးဇလက သတ်မှတ်ထားသည်။

“အရေးအကြီးဆုံးက လေတိုက်နှုန်းပါ၊ မနက် (၇)နာရီအချိန် မြင်ရတဲ့ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၂၀) ဝန်းကျင်ပဲတွေ့ရတယ်။ အပူချိန် ၂၅ ဒီဂရီဆိုတော့နေသာ ထိုင်သာအနေအထားဖြစ်တယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ဆိုထားသည်။

မုန်တိုင်း၏ ဗဟိုချက်သည် နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်များဆီသို့ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။ 

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။