တပ်ကုန်းမြို့တွင် ရေကြီးရေလျှံခြင်းကြောင့် သေဆုံးသူ ၁၉ဦးအထိရှိလာ

တပ်ကုန်းမြို့တွင် ရေကြီးရေလျှံခြင်းကြောင့် သေဆုံးသူ ၁၉ဦးအထိရှိလာ
စက်တင်ဘာ 13, 2024 | အခြားဒေသများ

နေပြည်တော် တပ်ကုန်းမြို့တွင် ရေကြီးရေလျှံခြင်းကြောင့် သေဆုံးသူ (၁၉)ဦး အထိရှိလာကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

သေဆုံးသူများမှာ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၁၃)ဦး ပါဝင်ကြောင်း သိရသည်။

နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ရွာပေါင်း(၃၀)မှ ရေဘေးသင့်ပြည်သူ (၃၆၀၂)ဦးအား ရေဘေးလွတ်ရာနေရာများသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးထားသည်ဟု သိရသည်။

ရေကြီးရေလျှံခြင်းကြောင့် တပ်ကုန်းတွင် နေအိမ်များ မျောပါသည်အထိဖြစ်ပွားနေပြီး ပိတ်မိနေသူများကို ပရဟိတအဖွဲ့များက လိုက်လံကယ်ဆယ်ပေးနေရသည်ဟု သိရသည်။ 

တပ်ကုန်းမြို့နှင့် အနီးဝန်းကျင် ကျေးရွာအများအပြားတွင် တောင်ကျချောင်းရေများ၊ ဆည်ကျိုးပေါက်ခြင်း၊ ဆည်ရေလွှတ်ခြင်းများမှ ရုတ်တရက် တရှိန်ထိုး ရေကြီးမှုအတွင်း လူများ၊ တိရစ္ဆာန်များနှင့် နေအိမ်များပါ မျောပါခြင်းများ ရှိနေသည်။

နေအိမ်များမြုပ်သည်အထိ ရေကြီးမှုအတွင်း ပိတ်မိနေသည့် ဒေသခံများမှာ ခေါင်မိုးများ၊ သစ်ပင်များတွင် ခိုကပ်ကာ တစ်နေ့နှင့် တစ်ညလုံး ကယ်ဆယ်မည့်သူများကို စောင့်မျှော်ခဲ့ကြရခြင်းများလည်းရှိနေသည်။

#TachileikNewsAgency

Photo : Myanmar Fire Services Department