စစ်ခေါင်းဆောင် ကရင်နီနှင့် ရှမ်းတောင်သို့သွားပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်သဖြင့် နှစ်ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ဦးနီးပါးသေဆုံးခဲ့ရ 

စစ်ခေါင်းဆောင် ကရင်နီနှင့် ရှမ်းတောင်သို့သွားပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်သဖြင့် နှစ်ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ဦးနီးပါးသေဆုံးခဲ့ရ 
စက်တင်ဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကရင်နီနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ သွားရောက်ပြီး သတင်းရရှိနှင့် အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ တော်လှန်ရေးအင်အားစုများ၊ တပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်တိုက်ခိုက်မည်ဟုပြောဆိုပြီးနောက် ကရင်နီ၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတို့ရှိ လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ပြုလုပ်ခြင်းကြောင့် အရပ်သားသေဆုံးမှု မြင့်တက်ခဲ့သည်။ 

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ရှောက်ရှိခဲ့ပြီး ရှမ်းပြည်နယ်စစ်ကောင်စီအဖွဲ့နှင့်တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ (၄)ရက်နေ့တွင် ကရင်နီပြည်နယ်သို့သွားရောက်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ 

"လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်"ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ 

စစ်ခေါင်းဆောင်က ယင်းသို့ပြောဆိုပြီးနောက် ကရင်နီနှင့် ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် လအိရွာရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စက်တင်ဘာလ (၅)ရက်နေ့ ညပိုင်းတွင် ပေါင်(၅၀၀)ဗုံး နှစ်လုံးကြဲချရာ ကလေး(၈)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးပြီး (၂၀)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာကို စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ဗုံး(၂၅)လုံးကြဲချရာ ကလေးတစ်ဦးသေဆုံးခဲ့ရပြီး နမ့်ခမ်းမြို့နယ် ညဈေးအနီးကို ပေါင်(၅၀၀)ဗုံး နှစ်လုံးကြဲချရာ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအပါအဝင်(၁၁)ဦးသေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့သည်။ 

ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ တိုက်နယ်(၄)ကို ယင်းနေ့နံနက်ပိုင်းတွင်ပင် ထပ်မံဗုံးကြဲချသွားပြီး နေ့လယ်ပိုင်းတွင် မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မရွာ စာသင်ကျောင်းကို လေကြောင်းမှပေါင် (၂၀၀)ဗုံးဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် အရပ်သား(၆)ဦး သေဆုံးခဲ့ပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကရင်နီပြည်သူများအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီအား အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအားလုံးက လက်တွေ့ကျပြီး ထိရောက်သော အရေးယူမှုများလုပ်ဆောင်ပေးရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ယမန်နေ့က တိုက်တွန်းထုတ်ပြန်ထားသည်။ 

လက်ရှိထွက်ပေါ်လာသည့်သတင်းများအရ စစ်ကောင်စီသည် ကရင်နီနှင့် ရှမ်းပြည်မြောက်ပိုင်းတို့ရှိ ဆုံးရှုံးထားသောနယ်မြေများကို ပြန်လည်တိုက်ခိုက်ရန် ရန်နိုင်မင်း စစ်ဆင်ရေးဟုအမည်ပေးထားပြီး လေကြောင်းထိုးစစ်နှင့် ခြေလျင်ထိုးစစ်များအား ပူးတွဲလုပ်ဆောင်နေကြောင်း သတင်းထွက်ပေါ်နေသည်။

စက်တင်ဘာလ (၅)ရက်နေ့ ညနေပိုင်းတွင်လည်း နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးဒဏ်ရာရကာ ယင်းနေ့ နံနက်ပိုင်းတွင်ပင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၂)ဦးထက်မနည်း သေဆုံးခဲ့ရပြီး (၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီသည် ဆေးရုံဆေးခန်းများ၊ ကျောင်းများ၊ အရပ်သားပြည်သူတို့၏ နေအိမ်များ၊ ဈေးများ၊ ဘာသာရေးအ‌ဆောက်အအုံများ၊ လမ်းတံတားများအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု NUG က ယနေ့ထုတ် ပြန်ထားသည်။

အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် ခိုင်းစေသူများ၊ အကြမ်းဖက်လေတပ်မှ တာဝန်ရှိသူများ၊ လေယာဉ်မောင်းသူများ၊ လေယာဉ်စက်ပစ္စည်းများနှင့် လေယာဉ်ဆီရောင်းဝယ်သူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ပြုလုပ်နေသည့် စစ်ရာဇဝတ်ကောင်များ၊ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရရှိသည်အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်သည်ဟုလည်း ဆိုသည်။ 

လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်လက်၍ လက်တွဲဆောင်ရွက်နေပါက ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားရမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency