ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စွဲနေသော တာဝါတိုင်ကုန်းကို KIA ပူးပေါင်းတပ်များ တက်သိမ်း

ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စွဲနေသော တာဝါတိုင်ကုန်းကို KIA ပူးပေါင်းတပ်များ တက်သိမ်း
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဆိုင်းတောင်ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးသွားကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့က ဖားကန့်ဗျူဟာကုန်းမှ ဆိုင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အင်အား (၁၂၀)ဝန်းကျင်နှင့် KIA ပူးပေါင်းတပ်များ မယူဟုခေါ်သည့်နယ်မြေတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တာဝါတိုင်ကုန်းကို  ထွက်ပြေး၍ တပ်စွဲထားရာက လိုက်လံတိုက်ခိုက်၍ သိမ်းပိုက်လိုက်ကြောင်း သိရသည်။ 

"မနေ့ကပဲ တက်သိမ်းလိုက်တာ။ တာဝါတိုင်ကုန်းမှာ စစ်ကောင်စီတပ်တွေမရှိတော့ဘူး။ ကျွန်တော်တို့ တက်သိမ်းလိုက်ပြီ။ ဗျူဟာကုန်းကနေ စစ်ကြောင်းထိုးလာတော့ တိုက်ပွဲဖြစ်တာ။ ဒီကောင်တွေ အဲဗားဝင်းကုမ္ပဏီထဲဝင်ပြေးတာ။ တာဝါတိုင်ကုန်းကလည်း အဲဒီနားပဲ။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်းမရှိခဲ့သလို စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ အတည်မပြုသေးပေ။ 

"ဗျူဟာကုန်းကနေ ဆိုင်းတောင်ဘက်ကိုလာတာ။ အဲဗားဝင်းကုမ္ပဏီနဲ့ တကြောတည်းပေါ့ တာဝါတိုင်က ဆိုင်းတောင်မှာဆို အမြင့်ဆုံးတောင်ပေါ့။ ဒီကောင်တွေ ကုမ္ပဏီထဲဝင်ပြေးတာကနေ တာဝါတိုင်မှာ တပ်စွဲတာကို တက်သိမ်းတာပေါ့။"ဟု KPDF ရဲဘော်တစ်ဦးက Tachileik News Agency ကို  ပြောသည်။

ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက် ပိုင်းတွင်လည်း ရဲစခန်းရှေ့ရှိ အ.ထ.က ကျောင်းအနီးသို့ (၆၀)မမလက်နက်ကြီးကျကာ တစ်ဦးဒဏ်ရာရပြီး စာသင်ကျောင်းကိုလည်း ပိတ်လိုက်ရကြောင်း ဒေသခံတချို့ကဆိုသည်။ 

"(၆၀)မမနှစ်လုံးကျတာ ဆိုင်ကယ်သမားတစ်ဦးဒဏ်ရာရတယ်။ (၉)တန်းအခန်းစာသင်ဆောင်မှန်တွေကွဲတယ်။ ကျောင်းသားတွေလည်း အိမ်ကိုပြန်ပြေးကုန်ကြပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သိရှိခြင်းမရှိသေးကြောင်း KIA စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။

#TachileikNewsAgency