မိုင်းယောင်းမြို့အဝင် မုန်းလိုက်ဂိတ်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က  ငွေအတောင်း ကြမ်းနေ

မိုင်းယောင်းမြို့အဝင် မုန်းလိုက်ဂိတ်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က  ငွေအတောင်း ကြမ်းနေ
စက်တင်ဘာ 5, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း   မိုင်းယောင်းမြို့အဝင် မုန်းလိုက်ဂိတ်တွင် လုံခြုံရေးအကြောင်းပြကာ စောင့်ကြပ်နေသည့် စစ်တပ်နှင့်ရဲ စုပေါင်းအဖွဲ့က ယာဉ်နှင့်ခရီးသည်များကို တရားမဝင် ငွေကြေး တောင်းခံမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

"ဒီ မုန်းလိုက်ဂိတ်က အတောင်းအရမ်း တော်တော် ဆိုးပါတယ်၊ အဆိုးဆုံးက နယ်မြေခံတပ်နဲ့ စရဖပဲ၊ လုံခြုံရေးအကြောင်းပြပေမယ့် သူတို့ရှိမှ ဘာမှ မလုံခြုံသလိုဘဲ၊ ဒေသခံတွေက စစ်တပ်ဆို အယုံအကြည်ကို မရှိတော့တာ၊ စစ်တိုက်တာသာ မလုပ်နိုင်ကြတာ ဂိတ်ထိုင်ပြီး ငွေတောင်းတဲ့ အလုပ်ကြ လုပ်နိုင်ကြတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့တွင် ပြောသည်။

အဆိုပါ ဂိတ်မှ ဖြတ်သန်းသည့် ယာဉ်များနှင့် ပတ်သက်ပြီး ဂိတ်စောင့် ပူးပေါင်းအဖွဲ့က စစ်တပ်၊ စရဖ၊ ထွေအုပ်၊ BE၊ မူးယစ်၊ လဝက၊ SB နှင့် ရဲ တို့ အတွက် ဟုဆိုကာ ကားတစ်စီးလျှင် ငွေကြေး အမြောက်အများ တောင်းကြောင်းနှင့် ခရီးသွားများကိုလည်း မှတ်ပုံတင် မပါ သူ နှင့် အခြားဒေသမှ လာသူများကို ငွေကြေး တောင်းသည်ဟု သိရသည်။

ယင်းပြင် တရားမဝင် တရုတ်နိုင်ငံသားများကို တင်ဆောင်လာပါကလည်း တရုတ်ယွမ်ငွေများယူပြီး အစစ်အဆေးမရှိ ဖြတ်သန်းခွင့်ပေးသည်ဟုလည်း ဆိုသည်။

ယင်းကိစ္စအပြင် မိုင်းယောင်းတွင် စစ်တပ်နှင့်ထွေအုပ်ပေါင်းပြီး ငွေကြေးရယူကာ မုန်းလိုက်ချောင်းအတွင်း တရားမဝင် ရွှေလုပ်ငန်းများကိုလည်း ခွင့်ပြုပေးနေကြောင်းလည်း သိရသည်။

"မုန်းလိုက်ချောင်းဆိုလည်း စစ်တပ်၊ ရဲ ၊ စရဖ နဲ့ ထွေအုပ်တို့ ငွေယူပြီး ရွှေတူးခိုင်းလိုက်တာ ဒီနှစ်မိုးတွင်းဆို ချောင်းရေလျှံတာ အဆိုးဆုံးပဲ၊ ရွာတွေမှာ ရေကြီးရေလျှံတဲ့ ဒဏ်ခံစားရတယ်၊ သီးနှံတွေလည်း ပျက်စီးရတယ်၊   အရင်က မိုင်းယောင်းဒေသဟာ အေးချမ်းပြီး ပျော်စရာကောင်းသလောက် ဒီ(၂)နှစ်လောက်မှာ တော်တော်စိတ်ပူပင်ရတယ်၊"ဟု ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မိုင်းယောင်းဒေသသည် နယ်စွန်နယ်ဖျားသဖွယ် ရှိနေသည့် ဒေသဖြစ်ပြီး အစိုးရ ဌာနဆိုင်ရာ နှင့် စစ်တပ်၏ လွှမ်းမိုးမှုအောက်တွင်ရှိပြီး ဒေသတွင်း၌ သတင်းအချက်အလက်နှင့်ပတ်သက်ပြီး အစိုးရ သတင်းပြန်ကြားရေးသာရှိပြီး သတင်းမီဒီယာဖွံ့ဖြိုးမှုမရှိသည်ကို အခွင့်ကောင်းယူကာ လာဘ်ပေးလာဘ်ယူပြီး တရားမဝင်လုပ်ငန်းများဖြစ်သည့် လောင်းကစား နှင့် ရွှေသတ္တု လုပ်ငန်းများကို လုပ်ခွင့်ပေးထားသည်ဟု သိရသည်။ 

အလားတူပင် တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင်လည်း ပူးပေါင်းအဖွဲ့က ယာဉ်များကို တရားမဝင်ငွေကြေး တောင်းခံမှုများ ရှိနေကြောင်း သိရသည်။