တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး အခြေအနေ လကမ္ဘာလို ဖြစ်နေ

 တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး အခြေအနေ လကမ္ဘာလို ဖြစ်နေ
စက်တင်ဘာ 4, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ် - တာလေ - မိုင်းဖြတ် - ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လမ်းများ ပျက်စီး ယိုယွင်းနေသည်မှာ လကမ္ဘာလိုဖြစ်နေပြီး ယာဉ်သွားလာများမှာ ယခင်ကထက် ပို၍ ကြန့်ကြာနေရကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

"တာချီလိတ် နဲ့ ကျိုင်းတုံကို အရင်တုန်းက (၂)နာရီခွဲ (၃)နာရီလောက် မောင်းရတဲ့ ခရီးက အခုဆိုရင် (၄)နာရီကျော် (၅)နာရီလောက်ကြာလာတယ်။ ကားဆီလည်း အရင်ထက် ပိုကုန်လာတယ်။ ချိုင့်ခွက်တွေကို ရှောင်ရတာ အတော်လေး အဆင်မပြေဘူး ဖြစ်နေတယ်"ဟု တာချီလိတ် မှ ကျိုင်းတုံသို့ အမြဲသွားလာနေသည့် တာချီလိတ်ဒေသခံ တစ်ဦးက ပြောသည်။

လမ်းပေါ်တွင် ချိုင့်ခွက်များဖြစ်ပေါ်နေသည်မှာ တာချီလိတ် - မိုင်းဖြတ် ကြားထက် မိုင်းဖြတ် - ကျိုင်းတုံကြားတွင် ပိုမိုဆိုးရွားနေလျှက်ဖြစ်ကြောင်း သိရသည်။

"ဟုတ်တယ်ဗျ။ အဓိက ကတော့ မိုင်းဖြတ် - ကျိုင်းတုံ လမ်းပိုင်းကတော့ အတော်လေးကို စုတ်ပြတ်နေတာပဲ ကားမပြောနဲ့ ဆိုင်ကယ်တွေတောင် အဲ့ဒီ ချိုင့်ခွက်တွေကို အတော်လေး မနည်း ရှောင်မောင်းနေကြရတာ။ အရင်ကထက် အခုနောက်ပိုင်းမှာ ဒီလမ်းကနေ ယာဉ်ကြီးတွေ တော်တော်များများ သွားလာနေတော့ လမ်းလည်း အမြန်ပျက်တယ်လို့ ထင်တာပဲ"ဟု ခရီးသွား တစ်ဦးက ပြောသည်။

လမ်း၏ မိုင်အားဖြင့် ကျိုင်းတုံမှ မိုင်းဖြတ် အကွာအဝေးမှာ မိုင်(၅၀)ရှိပြီး မိုင်းဖြတ် နှင့် တာချီလိတ်၏ အကွာအဝေးမှာ (၅၂)မိုင်ရှိကြောင်း သိရသည်။

"လမ်းက အတော်ကို ဆိုးရွားနေတာ ကျိုင်းတုံ - တာချီလိတ် ကို  မနက်(၈)နာရီခွဲ ကားစီးပြန်တာ  ပုံမှန်ဆိုရင်တော့ နေ့လည် (၁၂)ခွဲဆို ရောက်တာပေါ့။ အခုကတော့ ညနေ (၃)နာရီလောက်မှ ရောက်တယ်။ ချိုင့်ခွက်တွေက လကမ္ဘာလို ဖြစ်နေတယ်"ဟု ကျိုင်းတုံ - တာချီလိတ် ယာဉ်လိုင်းဖြင့် ခရီးသွားသူ တစ်ဦးက ၂၀၂၄ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။ 

တာချီလိတ် - တာလေ - မိုင်းဖြတ် - ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်သွားလာမှုများအတွက် တာချီလိတ်အတွက်တွင် တိုးဂိတ်တစ်ခု၊ တာလေအထွက်တွင် တိုးဂိတ်တစ်ခု ကျိုင်းတုံအဝင်တွင် တိုးဂိတ်တစ်ခု စုစုပေါင်း တိုးဂိတ်(၃)ခုရှိပြီး ယာဉ်များအားလုံး သတ်မှတ်နှုန်းထားများကို ပေးပြီးမှသာ ဖြတ်သန်းသွားလာရခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်းများကို သက်ဆိုင်ရာများနှင့် ချိတ်ဆက်ပြီး အမြန်ဆုံး ပြုပြင်ရန် အစီအစဉ် ရှိ မရှိနှင့် ပတ်သက်၍  ပြည်နယ်လမ်းဦးစီးဌာန(ကျိုင်းတုံ)မှ ညွှန်ကြား‌ရေးမှူး ဦးရဲလင်းထံသို့ Tachileik News Agency မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် လုပ်ဆောင်သော်လည်း ဆက်သွယ်၍ မရပေ။