တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်ကြီးအား ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ပရချာနုခေါ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့က စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း နှင့် ဆရာတော်ကြီး၏ တပည့်ဒကာများက မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ တဆင့် ပို့ဆောင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေကို မသိရသေးကြောင်း သိရသည်။
"ဆရာတော်ဘုရားကြီးက အဆုတ်ထဲ ရေပြန်ဝင်လို့ ခရစ္စမတ်နေ့က ထိုင်းဘက်ကို ပို့လိုက်တာ။ မွေးနေ့ပွဲကတော့ ဒီနေ့က စပြီး ကျင်းပနေတယ် (၂၈)ရက်နေ့အထိပေါ့။ မွေးနေ့ အမီ ဆရာတော်ဘုရားကြီး ပြန်ကြွလာနိုင်မလား မကြွလာနိုင်မလားတော့ မပြောတတ်ဘူး။"ဟု ဆရာတော်ကြီး၏ အမည်မဖော်လိုသည့် အနီးကပ် တပည့်ဒကာတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။
၂၇.၁၂.၂၀၂၁ မှ ၂၈.၁၂.၂၀၂၁ အထိ ကျင်းပရန် ပြင်ဆင်ထားသည့် နဂါးနှစ်ကောင်ဆရာတော်၏ သက်တော်(၉၃)နှစ် မွေးနေ့အခမ်းအနား အပြင်အဆင်
တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမဇေတိကဓဇ၊ အဘိဓဇအဂ္ဂမဟာရဌဂုရု၊ နိုင်ငံတော် သြဝါဒစရိယ၊ နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိသည် သက်တော်(၉၃)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့ကစ၍ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပနေလျက်ရှိပြီး မွေးနေ့အလှူပွဲအား ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။
သက်တော်(၉၃)နှစ် ဝါတော်(၇၃)ဝါရှိပြီဖြစ်သည့် နဂါးနှစ်ကောင်ဆရာတော်၏ ဒီဇင်ဘာလ(၂၈)ရက်နေ့ မွေးနေ့ပွဲသို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် နှစ်စဉ်ရောက်ရှိလာလေ့ရှိသည်အတွက် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်လည်း လာရောက်မည်ဟုလည်း ဒေသတွင်းမှ သတင်းများထွက်ပေါ်နေသော်လည်း Tachileik News Ageny အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။