မဲခေါင်မြစ်ထဲ မြန်မာနိုင်ငံသား (၄၀)ကျော်ပါတဲ့ စက်လှေ တိမ်းမှောက်ပြီး သေဆုံးမှုများရှိနေ

 မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ ရွှေတြိဂံဒေသရဲ့ လာအိုပိုင်နက်ထဲက ဆိပ်ကမ်းမှာ မြန်မာနိုင်ငံသား (၄၀)ကျော်ပါရှိတဲ့ စက်လှေတစ်စီး တိမ်းမှောက်မှု ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့က ဖြစ်ပွားခဲ့ရာမှာ လူ(၂၀)ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လာအိုဘက်ကနေ မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို ပြန်မဲ့ စက်လှေပေါ်မှာ လူ(၄၁)ဦးကနေ လူ (၄၇)ဦးအထိ ပါဝင်တယ်လို့ အကြမ်းအားဖြင့် သိရပါတယ်။

 အဲ့ဒီထဲက လူ(၂၇)ဦးကို ရှာဖွေ ကယ်တင်နိုင်ပေမဲ့လည်း (၂၇)ဦးထဲမှာ (၂)ဦး သေဆုံးသွားတယ်လို့ သိရပြီး ကျန်တဲ့လူတွေကိုတော့ ဒီနေ့ စက်တင်ဘာလ(၃)ရက်နေ့အထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။။

အခု ပြောပြသွားတဲ့ လူဦးရေ အရေအတွက်ကတော့ လာအိုဘက်  သတင်းရင်းမြစ်တစ်ဦးထံက သိရခြင်းဖြစ်ပါတယ်။ 

အဲ့ဒါကြောင့်မလို့ စက်လှေပေါ်ပါရှိတဲ့ အရေအတွက်နဲ့ သေဆုံးသူ နဲ့ ပျောက်ဆုံးသူ အရေအတွက် အတိအကျကိုတော့ တာချီလိတ်သတင်းအေဂျင်စီအပြင် တာချီလိတ်ဘက်က ဝမ်ပုံ ရေကြောင်းရဲနဲ့ အုပ်ချုပ်ရေး ဌာနဆိုင်ရာအဆင့်ဆင့်တွေကလည်း မသိကြသေးဘူးလို့ သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ လူဦးရေ ကွဲလွဲမှုတွေရှိနေခြင်းက  ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်က သတင်းဖုံးထားတာကြောင့်လို့လည်း ပြောဆိုနေတာတွေလည်းရှိပါတယ်။

နောက်ပြီးတော့ အခု စက်လှေတိမ်းမှောက်မှုထဲမှာ ပါဝင်သူတွေက နေရပ်ပြန်မဲ့ "ဝ"တိုင်းရင်းသားတွေ အများဆုံး ပါဝင်တယ်လို့ လာအိုဘက်က တရုတ်အသိုင်းအဝိုင်းရဲ့ လူမှုကွန်ယက်တွေမှာ ပြောဆိုနေတာတွေလည်း တွေ့ရပါတယ်။

အခုစက်လှေတိမ်းမှောက်ပြီး လူတွေပါ ရေထဲ မျှောပါ နစ်မြှုပ်သွားခြင်းဟာ စက်လှေက သတ်မှတ်လူဦးရေထက် ကျော်လွန်ပြီး တင်ဆောင်သလို အသက်အင်္ကျီလည်း မရှိလို့ အခုလို ဖြစ်ရတာလို့လည်း သိရပါတယ်။

လက်ရှိမှာ ကယ်ဆယ်ထားတဲ့ (၂၀)ကျော်ကို ဘယ်နေရာမှာ ထားရှိသလဲဆိုတာကိုလည်း မသိရသေးပါဘူး။

အခုတိမ်းမှောက်သွားတဲ့ စက်လှေဟာ ဒီခရီးသည်တွေအတွက် စီးလုံးငှား လှေတစ်စီးဖြစ်ပြီးတော့   စက်ချို့ယွင်းမှုကြောင့် အခုလို ဖြစ်ပွားရခြင်းဖြစ်တယ်လို့လည်း သိထားရပါတယ်။