အာဏာသိမ်းပြီး တစ်နိုင်ငံလုံးကို အကြမ်းဖက်နေသည့် စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာ

အာဏာသိမ်းပြီး တစ်နိုင်ငံလုံးကို အကြမ်းဖက်နေသည့် စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာ
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းပြီး မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းဖက်နေသည့် စစ်ကောင်စီက မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ဟုဆိုကာ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သတ်မှတ်သည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က စွပ်စွဲမှုတွင် အဆိုပါအဖွဲ့များသည် အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြိုရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓ္ဓမလူသစ်စုဆောင်းခြင်း၊နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်ကျူးလွန်သည်ဟုစွပ်စွဲကာ ကြေညာခြင်းဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် နှစ်ဖက်ဆွေးနွေးပွဲ (၃)ကြိမ် ပြုလုပ်ပြီးနောက် ယာယီအပစ်ရပ်ရန် သဘောတူခဲ့ကြသည်။

အပစ်ရပ်ရန်လက်မှတ်ရေးထိုးချိန်တွင် ရှမ်းမြောက်ရှိ မြို့ပေါင်း(၁၆)မြို့နှင့် တပ်မတော်စခန်းများအား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ရရှိပြီး (၇၇) ရက်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့ ၌ နှစ်ဖက်လက်မှတ်ရေးထိုးကြရာ ရခိုင်ဒေသမပါဝင်ခဲ့ဘဲ ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

ထို့နောက် ဆက်လက်ဆွေးနွေးရာ (၅)ကြိမ်မြောက်အထိ အဖြေမထွက်ခဲ့ဘဲ စစ်ကောင်စီတပ်ဘက်က မြောက်ပိုင်းညီနောင်မဟာမိတ်တပ်စခန်းများအား တဖက်သတ် လက်နက်ကြီးများနှင့်ပစ်ခတ်၍ ဟိုင်ဂင်သဘောတူညီချက်ကိုချိုးဖောက်ရာက  ၂၀၂၄ ခုနှစ် ဇွန်လ (၂၅)ရက်နေ့တွင် ကျောက်မဲနှင့် နောင်ချိုမြို့တို့၌ တိုက်ပွဲများဖြစ်ရာက ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)ကို စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲမြို့များအပြင် ဆက်စပ်မြို့ငယ်များကို သိမ်းပိုက်ထားပြီးဖြစ်သည်။

TNLA သည် နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းငေါ့၊ နမ့်ဆန်၊ ကျောက်မဲ၊ နောင်ချိုမြို့တို့ကို လည်းကောင်း MNDAA သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ တာမိုးညဲ၊ ဟိုပန်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်လုံစသည်ဖြင့် ဆက်စပ်မြို့များကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ကာ MNDAA မှ လွဲ၍ ကျန်အဖွဲ့များမှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

#TachileikNewsAgency