စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသမီး ငါးထောင်ကျော် ဖမ်းဆီးခံရပြီး တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရ

စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသမီး ငါးထောင်ကျော် ဖမ်းဆီးခံရပြီး တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရ
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသမီး (၅၆၄၉)ဦး ဖမ်းဆီးခံခဲ့ရပြီး (၁၁၃၂)ဦး သတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

အဆိုပါ အရေအတွက်များမှာ ရာခိုင်နှုန်းအားဖြင့် ဖမ်းဆီးခံရမှုတွင် (၂၀.၇) ရာခိုင်နှုန်းနှင့် သေဆုံးမှုတွင် (၂၀)ရာခိုင်နှုန်းဖြစ်ပြီး ၊ တိုင်းနှင့်ပြည်နယ်များအနက် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသည့် အမျိုးသမီးအရေအတွက် အများဆုံးမှာ ရန်ကုန်တိုင်းမှဖြစ်ပြီး စုစုပေါင်း (၁၄၄၀)ဦး ရှိကြောင်း သိရသည်။

သေဆုံးသည့်အကြောင်းအရင်းအနေဖြင့် လက်နက်ကြီးပစ်ခတ်ခံရမှု ၊ လေကြောင်းတိုက်ခိုက်ခံရမှုများအပြင် ဖမ်းဆီးပြီးနောက် အကျဉ်းထောင် ၊ ရဲစခန်းနှင့် စစ်ကြောရေးစခန်းများတွင် သတ်ဖြတ်ခံရသူများလည်း ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသည့် အမျိုးသမီးအရေအတွက်သည် စစ်ကောင်စီ တရားဝင်ထိန်းသိမ်းရေးစခန်းများဖြစ်သည့် အကျဉ်းထောင်များ၌ (၈)ဦး ၊ ရဲစခန်းများ၌ (၂)ဦးနှင့် စစ်ကြောရေးစခန်းများ၌ (၄)ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPPမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး နိုင်ငံအနှံ့တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်း ၊ ထိန်းသိမ်းခြင်း ၊ လွတ်မြောက်ခြင်း နှင့် သတ်ဖြတ်ခြင်းခံရသူများကို အချက်အလက်နှင့်တကွ မှတ်တမ်းရယူပေးနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

#TachileikNewsAgency

Photo:Assistance Association for Political Prisoners (Burma)