နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲ 

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲ 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ယမန်နေ့ညနေပိုင်းနှင့် ယနေ့ သြဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းတို့တွင် လေကြောင်းမှ ဗုံးကြဲရာ အဆောက်အဦးများ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းက အင်းဝိုင်း သကြားစက် အမှတ်(၂)စက်ရုံဝန်းကို ဗုံး(၂)လုံး ဗုံးကြဲခံရသည်ဟု သိရသည်။ 

"စက်ရုံဝန်းထဲ ဗုံး(၂)လုံးကျတာ။ တစ်လုံးက စက်ရုံ ဓမ္မာရုံနားကျတယ်။ တစ်လုံးက အမှတ်(၂)စက်ရုံ စတိုနားက ကွန်ကရစ်လမ်းတည့်တည့်ပေါ်ကျတယ်။ ဓမ္မာရုံနားကျတဲ့အလုံးက (၁၂)ဘီးကား တစ်စီးထိတယ်။ ဝန်ထမ်းလိုင်းခန်းတွေ မှန်ကွဲပြီး အစအနတွေမှန်တယ်။ လူအထိအခိုက်မရှိဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့ သြဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင်မူ တိုက်ပွဲပြင်းထန်နေသည့် တောင်ခမ်းရွာဘက် အမှတ်(၉၀၂)အမြောက်တပ်အနီးသို့ ဗုံးများကြဲချသွားကြောင်း သိရသည်။ 

"ပြင်ဦးလွင်ဘက်က လက်နက်ကြီးနဲ့ပစ်တာတော့ မနက်ပိုင်းက ငြိမ်နေသေးတယ်။ တစ်ကြိမ်၊ နှစ်ကြိမ် လောက်ပစ်တယ်။ မနေ့ညကတော့ ၉၀၂ တပ်နားကို Y-12 လေယာဥ်နဲ့ ည(၉)နာရီလောက်အထိ ဗုံးကြဲတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်ကို TNLA က မကြာမီသိမ်းပိုက်နိုင်တော့မည်ဖြစ်ပြီး တပ်စခန်းအနီးသို့ ယှဥ်းကပ်နိုင်နေပြီဖြစ်ကာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အဆက်ပြတ် ဗုံးကြဲနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။



ထို့အပြင် စစ်ကောင်စီတပ်များသည် ရှမ်းတောင် ကျောက်ဂူ ရပ်စောက် SSPP ဂိတ်များကိုဖြတ်ပြီး ရှမ်းမြောက်ကို ထိုးစစ်အင်အားဖြည့်တင်းနေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: CJ