ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ပခုက္ကူမြို့နယ်တွင်းရှိ  ပခုက္ကူ နည်းပညာ တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF အဖွဲ့က သြဂုတ်လ ( ၂၀ ) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပခုက္ကူ နည်းပညာ တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်နှင့်ရဲပူးပေါင်းတပ်ဖွဲ့များအား   သြဂုတ်လ ( ၁၉ ) ရက်နေ့၏ နေ့လည် ( ၂ ) နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက ၆၀မမ ၊ Rocket ၊ လက်လုပ် ၆၀ နှင့် ၈၀ မမ စသည်တို့ဖြင့် အလုံး ၁၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်ကလည်း ၆၀ မမ များဖြင့်  ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ချိန် ( ၂ ) နာရီဝန်းကျင် ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်က ပစ်ခတ်သည့် ၆၀ မမ သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ရာ ကင်းဘန်ကာနှင့် အဆောက်အဦးရှေ့ တိုက်ရိုက် ထိမှန်ပေါက်ကွဲခဲ့ပြီး ရဲတပ်သား ( ၂ ) ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ပြန်လည်သိရကြောင်း Southern YSO PDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Southern YSO PDF ၊ MPL တိုက်နယ်၄ ပကဖ ၊ Gen-21 ၊ TKGF ၊ ရွှေဟင်္သာလက်နက်ကြီး ၊ အညာမုန်တိုင်း ၊ Yesagyo Revolution Group(YRG) ၊ ပြည်သူ့အားမာန် ၊ King Cobra ၊ ဒေါင်းညီနောင်နှင့် ဒေါင်းစစ်သည်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။