ဒိုက်ဦးထောင်တွင် အကျဉ်းဦးစီးဝန်ထမ်းများ၏ အင်အားသုံးရိုက်နှက်မှုကြောင့် နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရရှိ

ဒိုက်ဦးထောင်တွင် အကျဉ်းဦးစီးဝန်ထမ်းများ၏ အင်အားသုံးရိုက်နှက်မှုကြောင့် နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း ဒိုက်ဦးထောင်တွင် အကျဉ်းဦးစီးဝန်ထမ်းများ၏ အင်အားသုံးရိုက်နှက်မှုကြောင့် နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ဒိုက်ဦးထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားအင်အား (၅၀)ဦးခန့်နှင့် အမျိုးသမီးဝန်ထမ်း (၇)ဦးခန့်တို့သည် အမျိုးသမီးအဆောင်သို့ လေးခွ၊ ရာဘာတုတ်၊ ကျဉ်စက်များ ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ပြီး ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူတစ်ဦးကို မိသားစုဧည့်တွေ့မှ ပါလာသည့် ပစ္စည်းတွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသောစွပ်စွဲချက်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

လာရောက်ခေါ်ဆောင်ရာတွင် ကောင်းမွန်သည့် အကြောင်းပြချက်‌ပေး၍ ခေါ်ထုတ်ခြင်းမဟုတ်ဘဲ အတင်းအဓမ္မအင်အားသုံး ခေါ်ဆောင်သည့်အတွက် ခေါ်ဆောင်ခံရသူ နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်ကြောင်း ရှင်းပြသည့်အပေါ် အမျိုးသမီးဝန်ထမ်း (၂)ပွင့်အရာရှိ စန်းနွယ်ဦး မှ အမျိုးသားဝန်ထမ်းများကို အတင်းအဓမ္မအခန်းတွင်းမှ ခေါ်ထုတ်ခိုင်းခဲ့ကြောင်း သိရသည်။

အမျိုးသားဝန်ထမ်းများက ခေါ်ထုတ်ခြင်းမပြုလုပ်သည့်အခါ စန်းနွယ်ဦးမှ အမျိုးသမီးအဆောင်အခန်းထဲထိ ဝင်ရောက်၍ ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူအား ဆံပင်ကိုဆွဲ၍ ရိုက်နှက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ ဥပဒေမဲ့ ခေါ်ဆောင်မှုအပေါ်  လက်မခံနိုင်သည့် နိုင်ကျဉ်းအမျိုးသမီးများက ခေါ်ဆောင်မှုကို ဝိုင်းဝန်းကာကွယ်ပေးသည်ဟုဆိုကာ အခြား နိုင်ငံရေးအကျဉ်းသူများကိုပါ ဝန်ထမ်းအင်အား (၅၀)မှ ဝိုင်းဝန်းရိုက်နှက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံခဲ့ရသည့်အတွက် နိုင်ငံရေးအကျဉ်းသူ (၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း PPNM အဖွဲ့က ဆိုသည်။

လက်ရှိရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ကျိုက်မရောထောင်နှင့် အင်းစိန်ထောင်မှ ပြောင်းရွှေ့ခံထားရသူများဖြစ်ပြီး ဒိုက်ဦးတွင် အကျဉ်းချခံခဲ့ရသည့် နိုင်ကျဉ်းအမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency