ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲသော်လည်း မြို့ရှိစစ်ကောင်စီယန္တရားပျက်စီးသွားပြီဟုဆို

ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲသော်လည်း မြို့ရှိစစ်ကောင်စီယန္တရားပျက်စီးသွားပြီဟုဆို

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲသော်လည်း မြို့တွင်းရှိ စစ်ကောင်စီယန္တရား ပျက်စီးသွားပြီဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ 

ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်၍ ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ် စစ်ကူလာချပေးရာ တော်လှန်ရေးတပ်များ မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကုန်းသာဦး ၊ မြသိန်းတန်နှင့် ပုဗ္ပာရုံဘုန်းကြီးကျောင်းတို့တွင် ဝင်ရောက်တပ်စွဲထားပြီဟုလည်း ဆိုသည်။

သို့သော်လည်း တော်လှန်ရေးတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုတွင် Non-CDM ဝန်ထမ်း(၄၀)ကျော်နှင့် မိသားစုများအပါအဝင် ပျူစောထီး(၂)ဦး စုစုပေါင်း(၁၂၀)ကျော်ကို ထိန်းသိမ်းထားနိုင်ခြင်းကြောင့် မြို့တွင်း စစ်ကောင်စီ ယန္တရားပျက်စီးသွားပြီဖြစ်သည်ဟု ဆိုသည်။

“ကိုယ့်အနေနဲ့ကတော့ စစ်ကောင်စီဟာ မြို့ကို ရရှိမသွားဘူးလို့ မြင်ပါတယ်။ မြို့အုပ်ချုပ်ရေးကို လည်ပတ်နိုင်စွမ်း မရှိသလို မြို့ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ နေရာတချို့မှာဘဲ တပ်စွဲထားနိုင်စွမ်း ရှိတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများဘက်ကတော့ မြို့ကို အထီးကျန်ဖြစ်အောင် ဝန်းရံပိတ်ဆို့ထားနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ဘယ်ဘက်ကမှ အလုံးစုံ ထိန်းချုပ်နိုင်စွမ်း မရှိထားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။”ဟု ယင်းမာပင် ခရိုင်၊ တပ်ရင်းအမှတ်(၃၀) ADPRA တပ်ဖွဲ့က ဆိုသည်။



 

ဒီပဲယင်းမြို့ကို အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ ဒီပဲယင်းမြို့နယ်၊ ဘုတလင်မြို့နယ် ပကဖတို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့ကို လေကြောင်းမှ ပေါင်(၅၀၀)ဗုံး (၃)လုံးကြဲကာ ပြန်လည်ဝင်ရောက်တပ်စွဲလာခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : 96 Soldiers PDF - အညာတပ်ခွဲ