တော်လှန်ရေးတပ်များသိမ်းပိုက်လိုက်သည့် ဒီပဲယင်းမြို့ဓာတ်ပုံများ

တော်လှန်ရေးတပ်များသိမ်းပိုက်လိုက်သည့် ဒီပဲယင်းမြို့ဓာတ်ပုံများ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက (၄)ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပကဖ ထံမှ သိရသည်။ 

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ချအညံ့ခံသူများလည်းရှိကာ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ရွှေဇာလီဘုရားကုန်း၊ မူကြိုကျောင်း၊ အထကကျောင်း၊ ၃ထပ်တိုက်ဖြစ်သည့် ဇွဲတိုက်၊ ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်ဘက်မှ စစ်ကြောင်း(၃)ကြောင်းဖြင့် စစ်ကူလာခဲ့သော်လည်း တော်လှန်ရေးတပ်များ၏ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရေဦးမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်သား (၁၀၀)ဦးဝန်းကျင် တပ်စွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂၀)ဦးဝန်းကျင်သေကာ ဖမ်းဆီးရမိခြင်း၊ လက်နက်ချအညံ့ခံခြင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ရေဦး၊ တန့်ဆည်၊ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်းမြို့နယ်ရှိ တော်လှန်ရေးတပ်များအပြင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: U Pyay, CJ