ဒီပဲယင်းမြို့ကို ၄ ရက်ကြာထိုးစစ်ဆင်ပြီး တော်လှန်ရေးတပ်များသိမ်းပိုက်

ဒီပဲယင်းမြို့ကို ၄ ရက်ကြာထိုးစစ်ဆင်ပြီး တော်လှန်ရေးတပ်များသိမ်းပိုက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက (၄)ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပကဖ ထံမှ သိရသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ချအညံ့ခံသူများလည်းရှိကာ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

“ဒီပဲယင်းကတော့ အပြီးသတ်သိမ်းပိုက်ပြီးပါပြီ။ နောက်ထပ်ကတော့ စီစစ်နေပါတယ်။ ခွေးအသေပျောက်ရယ်၊ လက်နက်ခဲယမ်းရရှိမှုတွေရောရှိပါတယ်။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

ဩဂုတ်လ (၁၇)ရက်နေ့က ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်က တစ်နေကုန်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားများ ထိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေများကိုမူ မသိရသေးပါ။

“ကျွန်တော်တို့တပ်ပေါင်းစုတွေက သူတစ်ခြမ်း၊ ကိုယ်တစ်ခြမ်းထိုးစစ်ဆင်ရတော့ စစ်ကောင်စီတပ်သား ဘယ်နှစ်ဦးဖမ်းမိလဲ၊ လက်နက်ချလဲဆိုတာကတော့ တိတိကျကျမသိရသေးဘူး။”ဟု ဒီပဲယင်းမြို့နယ် ပကဖ စစ်ရေး တာဝန်ခံ ကိုချစ်ရှိုင်းအောင်က ပြောသည်။

ဒီပဲယင်းမြို့ပေါ်ရှိ ဝန်ထမ်းအိမ်ယာ၊ စိုက်ပျိုးရေးရုံးကို ပြီးခဲ့သည့် ဇန်နဝါရီလကတည်းကပင် တော်လှန်ရေးတပ်များအပါအဝင် မြို့၏နှစ်ပုံခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ပြီး လက်ရှိတွင် မြို့မရဲစခန်း၊ ရွှေဇာဏီဘုရားကုန်း၊ မူကြိုကျောင်း၊ အထကကျောင်း၊ ဇွဲတိုက်၊ ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်၊

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်ဘက်မှ စစ်ကြောင်း(၃)ကြောင်းဖြင့် စစ်ကူလာခဲ့သော်လည်း တော်လှန်ရေးတပ်များ၏ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရေဦးမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်သား (၁၀၀)ဦးဝန်းကျင် တပ်စွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား(၂၀)ဦးဝန်းကျင်သေကာ ဖမ်းဆီးရမိခြင်း၊ လက်နက်ချအညံ့ခံခြင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနည်းပြီး တော်လှန်ရေးရဲဘော်များလည်း ထိခိုက်မှုမရှိကြောင်း၊ ယနေ့တွင်လည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ လှည့်လည်နေသော်လည်း ဗုံးကြဲခြင်းမရှိကြောင်း သိရသည်။

“ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖမ်းမိတယ်လို့သိရတယ်။ ထပ်ပြီးစီစစ်ရဦးမယ်။ ဒီပဲယင်းမြို့ ကိုတော့ ထိန်းချုပ်နိုင်ပြီ။ မြို့နယ်အနေနဲ့ကတော့ စိုင်ပြင်ဆိုတဲ့ ရဲစခန်းလေးကျန်တယ်။”ဟု ၎င်းကဆက်ပြော သည်။

အဆိုပါစိုင်ပြင်ရဲစခန်းသည် ဒီပဲယင်းနှင့် ဘုတလင်မြို့နယ်ကြားတွင်ရှိပြီး ဒီပဲယင်းမြို့နှင့် (၁၁)မိုင်ခန့်အကွာတွင် ရှိသည်ဟု ဆိုသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ရေဦး၊ တန့်ဆည်၊ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်းမြို့နယ်ရှိ တော်လှန်ရေးတပ်များအပြင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency