စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များလာ 

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များလာ 

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာနှင့် ထိတွေဆက်ဆံမှုများ ပိုမိုလုပ်ဆောင်လာကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

၂၀၂၄ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်သည် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ရုရှား စသည့် နိုင်ငံများမှ ရွေးကောက်ပွဲ ကော်မရှင်များ ၊ သံအမတ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊ အဆိုပါနိုင်ငံများမှ ရွေးကောက်ပွဲများ ၊ ရွေးကောက်ပွဲ စနစ်များကို သွားရောက်လေ့လာခြင်းများ လုပ်ဆောင်လာသည်ကို တွေ့လာရကြောင်း BACS အဖွဲ့မှ ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၄ ခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံ ရွေးကောက်ပွဲကို (၈) ရက်ကြာ အနီးကပ် သွားရောက်လေ့လာခဲ့ပြီး ၊ ၂၀၂၄ ခုနှစ် ဧပြီလ နောက်ဆုံးအပတ်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အား ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်ခံတွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ဇွန်လ (၂၄) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်းမြစ်များ ကူညီကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွန်လ (၂၉) ရက်နေ့မှ ဇူလိုင်လ (၅) ရက်တွင်း ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံအထက်လွှတ်တော်ရွေးချယ်ပွဲကို ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း BACS အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

ရွေးကောက်ပွဲကော်မရှင်သည် ဇူလိုင်လ ပထမအပတ်အတွင်း လှုပ်ရှားမှု (၅)ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လှုပ်ရှားမှုများထဲတွင်  မဲစာရင်းစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ် ၊ နိုင်ငံရေးပါတီဆိုင်ရာလှုပ်ရှားမှု (၁)ကြိမ်နှင့် ထိုင်းနိုင်ငံ အထက်လွှတ်တော်ရွေးချယ်ပွဲ သွားရောက်လေ့လာမှု (၁) ကြိမ်တို့ ပါဝင်ကြောင်း သိရသည်။

 

နိုင်ငံရေးပါတီ လှုပ်ရှားမှုအနေဖြင့် ဇူလိုင်လ ပထမအပတ်အတွင်း ပြည်ခိုင်ဖြိုးပါတီ (USDP)၊ ပြည့်သူရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် ပြည်သူ့ပါတီ (PP)တို့၏ လှုပ်ရှားမှုများကိုသာ တွေ့မြင်ခဲ့ရကြောင်း BACS အဖွဲ့မှ ဆိုသည်။

ဇူလိုင်လ ပထမအပတ်အတွင်း USDP ပါတီက လှုပ်ရှားမှုပေါင်း အကြိမ် (၂၀)ဖြင့် လှုပ်ရှားမှု အများဆုံးပါတီဖြစ်ခဲ့ပြီး PPP နှင့် NUP တို့က (၃) ကြိမ်စီနှင့် PP က (၂)ကြိမ် လှုပ်ရှားမှုရှိခဲ့ကြောင်း သိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study