နမ့်လန်မြို့ကို လက်နက်ကြီးကျပြီး နေအိမ်တချို့ပျက်စီး 

နမ့်လန်မြို့ကို လက်နက်ကြီးကျပြီး နေအိမ်တချို့ပျက်စီး 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ကို ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့ ညနေ(၃)နာရီခွဲကျော်က လက်နက်ကြီးကျကာ နေအိမ်နှစ်လုံးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်လန်မြို့တွင် ယန့နံနက်ပိုင်းကစတင်ကာ စစ်ရေးပြင်းထန်လာပြီး လက်နက်ကြီးကျည်များ မြို့တွင်းကို ညနေပိုင်းတွင် ကျရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

"မနက်ကပဲ လက်နက်ကြီးဖြတ်နေတာ။ ညနေပိုင်း လက်နက်ကြီးကျတာ လူထိခိုက်မှုတော့မရှိဘူး။ အိမ်နှစ်လုံးပျက်စီးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

သြဂုတ်လ (၁၄)ရက်နေ့တွင် သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၁၄၇)ကို MNDAAက တိုက်ခိုက်ရာက နမ့်လန်မြို့အနီးတွင် တိုက်ပွဲများ စတင်ဖြစ်လာသည်ဟု ဆိုသည်။ 

နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၀၆)ကိုလည်း တိုက်ခိုက်နေပြီး ဒေသခံများ လဲချားနှင့် ပင်လုံမြို့များသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

နမ့်လန်မြို့အနီးရှိ သီပေါမြို့ကိုလည်း TNLA က ထိန်းချုပ်ထားပြီး ခလရ(၂၃)၊ ခမရ(၅၀၃၊ ၅၀၄) တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

#TachileikNewsAgency

Photo: CJ