မဟာမိတ်စုဖွဲ့မှုတိုးချဲ့ရန် အစိုးရအဖွဲ့ကို ယာယီသမ္မတတိုက်တွန်း

မဟာမိတ်စုဖွဲ့မှုတိုးချဲ့ရန် အစိုးရအဖွဲ့ကို ယာယီသမ္မတတိုက်တွန်း
ဇွန် 11, 2024 | 2021 Military Coup

မဟာမိတ်စုဖွဲ့မှုတိုးချဲ့ရန် အစိုးရအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် တိုက်တွန်းပြောဆိုလိုက်သည်။

နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးအင်အားစုများအချင်းချင်းစုဖွဲ့မှုသည် “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုသည့် မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ရန်လိုဟု ယူဆကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား မိတ်ဖက်အဆင့်ထက်ကျော်လွန်သည့် မဟာမိတ်အဆင့်အတန်းအထိ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြရန်လိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“မဟာမိတ် စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာလည်း အလွှာလိုက်ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေရှိပါတယ်။ ဒါ့အပြင် ဆက်ဆံရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ၊ ကျယ်ပြန့်စွာ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးဖြစ်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့အတွက် မဟာမိတ်စုဖွဲ့မှုကို ခိုင်မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။” ဟု သမ္မတကပြောသည်။

မဟာမိတ်စုဖွဲ့မှုမှာ အရေးအကြီးဆုံးက ယုံကြည်မှုဖြစ်ပြီး မဟာမိတ်စုဖွဲ့ မှုကို ပိုပြီးခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ရန်အတွက် အလုပ်နှင့်သက်သေပြပြီး ယုံကြည်မှုတည်ဆောက်ရန် အရေးကြီးသည်ဟု ဆိုသည်။

“မဟာမိတ်စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိထား ချည်းကပ်ရမယ့် ကိစ္စတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းအလိုက် နောက်ကွယ်ကနေ မမြင်နိုင်တဲ့ Hidden Agenda တချို့ ဖြစ်ပါတယ်။ နိုင်ငံရေးရဲ့ သဘော၊ သဘာဝအရ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ကိုယ်စီကိုယ်စီ ဆွဲကိုင်ထားတဲ့ ဆွဲကိုင်ချက်တွေ ရှိစမြဲဖြစ်တာ တွေ့ရပါတယ်။ ဒါတွေဟာ သက်ဆိုင်ရာ လူမျိုးစုအလိုက် မတူညီတဲ့ ပန်းတိုင်တွေ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိထားတယ်ဆိုတာလည်း ကျွန်တော်တို့အားလုံး သတိချပ်ဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ အားလုံးမှာ ဘုံအားဖြင့် တူညီတဲ့အချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး ကိစ္စပဲ ဖြစ်ပါတယ်။”ဟု သမ္မတက ဆက်ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်များကို လက်တွေ့ကျကျရယူနိုင်ရန်လည်း အထူးလိုအပ်ပြီး အကြောင်းရင်းမှာ ယခုတည်ဆဲရရှိထားသည့် အောင်ပွဲထက် ကျော်လွန်သည့် တော်လှန်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆိုသည်ကို သတိချပ်ကြရန်လိုပြီး ယခုထက် ပိုလွန်အာမခံချက်ရှိသည့် အောင်ပွဲများကိုရရှိနိုင်ရန်အတွက် မဟာမိတ်စုဖွဲ့မှုတွင် အကျယ်ပြန့်နိုင်ဆုံးနှင့် အခိုင်မာဆုံး တိုးချဲ့မှဖြစ်မည်ဟု ဆိုသည်။

#TachileikNewsAgency