လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီး

လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီး

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၊ ဆေးရုံ ၊ ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အအုံတချို့ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့ ညနေ (၆) နာရီခန့်တွင် ရေတွင်းကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆေးရုံ (၁)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်းတို ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၁၃) ရက်နေ့ ည (၉) နာရီ နှင့် (၁၀)နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၂) လုံးကို ထပ်မံ ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာအတွင်းနှင့် ငဖယ်အင်းကျေးရွာတို့အတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံများမွေးမြူထားသည့် တိရိစ္ဆာန်တချို့ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း ဩဂုတ်လ (၉)ရက်နေ့ နံနက် (၁)နာရီတွင် စစ်ကောင်စီတပ် ခလရ−၇၃ တပ်ရင်းမှ လက်နက်ကြီး (၉) လုံးပစ်ခတ်ခဲ့ရာ သပြေညွှန့်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သပြေညွှန့်ရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၅)လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻