နောင်ချိုကို စစ်ကောင်စီပြန်လည်ထိုးစစ်ဆင်နေပြီး ပြင်ဦးလွင်-နောင်ချိုလမ်းကို မြေတူးစက်ဖြင့် ဖျက်ဆီးသွား

နောင်ချိုကို စစ်ကောင်စီပြန်လည်ထိုးစစ်ဆင်နေပြီး ပြင်ဦးလွင်-နောင်ချိုလမ်းကို မြေတူးစက်ဖြင့် ဖျက်ဆီးသွား

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေပြီး ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် ပြင်ဦးလွင် - နောင်ချိုလမ်းပိုင်းအား စစ်ကောင်စီတပ်က မြေတူးစက်ဖြင့် ဖျက်ဆီးသွားကြောင်း သိရသည်။

TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်၏ တပ်မ(၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်လက် အောက်ခံ ခမရ (၃၂၅)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆) တပ်ရင်း (၃) ခုက ပြန်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

"တောင်ခမ်း၊ နောင်လင်ဘက်ကနေ စစ်ကြောင်းထိုးတာ။ အင်အားဘယ်လောက်ဆိုတာ သေချာမသိရဘူး။ ခန့်မှန်းအင်အား (၁၅၀)၀န်းကျင်ရှိမယ်။ နောက်မှာလည်း ချန်ထားတာနေမှာပါ။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။ 

TNLA ၏ ယနေ့ညထုတ်ပြန်ချက်တွင် တောင်ခမ်းရွာအနီးတဝိုက်တွင် တပ်မ(၉၉) လက်အောက်ခံ ခမရ (၃၀၂)တပ်နှင့်လည်းကောင်း၊ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်နှင့်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

ယနေ့ နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် ဗုံး(၂)လုံး လာရောက်ကြဲချခဲ့သည်ဟုလည်း ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း၊ အင်ဝိုင်းသကြားစက် ဘန့်ဘွေးလမ်းတို့ကို မြေတူးစက်နှင့် ဖျက်ဆီးထား၍ သွားမရသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency