တောင်သာမြို့နယ်အတွင်း စစ်ကောင်စီမှ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး မြို့ပေါ်တွင် စစ်ပြင်နေ

တောင်သာမြို့နယ်အတွင်း စစ်ကောင်စီမှ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး မြို့ပေါ်တွင် စစ်ပြင်နေ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း စစ်ကောင်စီမှ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ပြီး မြို့ပေါ်တွင် စစ်ပြင်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်သာမြို့နယ် ပြဿဒ်ကြီးရွာ ကမ်းပါးယံ ဘုန်းတော်ကြီးကျောင်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့ ညပိုင်း ဆယ့်တစ်နာရီခွဲအချိန်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင် (၃)ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့နောက် သြဂုတ်လ (၁၂)ရက်နေ့ နံနက် (၆)နာရီခန့်တွင် ဘုရားလှရွာအနီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ၊ ယနေ့ သြဂုတ်လ (၁၃) ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း တောင်သာ-ရုံးစည်ကြီးလမ်းပေါ် ရထားသံလမ်းကူးအနီး MI-35 လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း သံဃာတော်နှင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း တောင်သာမြို့နယ်မှ ဒေသခံတဦးက Tachileik News Agency ကို ပြောသည်။ 

တောင်သာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခြင်းနှင့်အတူ မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာ ၊ အထက ၊ ပိဿနိုးတောင်၊ မြို့အတွင်းရှိ အထပ်မြင့်အဆောက်အအုံများနှင့် သံမဏိစက်ရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ ခုခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

“တောင်သာမြို့ပေါ်က အကြီးတန်းဝန်ထမ်းတွေက ကျောက်ပန်းတောင်းဘက် ရွှေ့သွားပြီ၊  မြန်မာ့စီးပွားရေးဘဏ်က မန္တလေးရွှေ့သွားတယ် ၊ ထွေအုပ်ဦးစီးကလည်း ကျောက်ပန်းတောင်းဘက် ရွှေ့သွားပြီ” ဟု တောင်သာမြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

 

သြဂုတ်လ (၁၁) ရက်နေ့တွင် တောင်သာမြို့နယ် ဝဲလောင်ရွာအနီး လျှပ်စစ်ဓာတ်အားခွဲစက်ရုံရှိ စစ်ကောင်စီအထိုင်စခန်းငယ်နှင့်  သြဂုတ်လ (၁၂) ရက်နေ့တွင် စစ်ကောင်စီ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးစခန်း ၊ ကျောက်ခွဲစက်ဂိတ်စခန်း ၊ စွပ်ကျယ်စက်ရုံနှင့် ဘုရားလှပျူစောထီးကျေးရွာတို့အား တော်လှန်ရေးအင်အားစုများက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ မြို့ပေါ်တွင် အင်အားဖြည့်တင်းခြင်းနှင့် ခုခံစစ်ဆင်နွဲရန် နေရာယူပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency