တနင်္သာရီမြို့နယ် ဇဝဲရွာနှင့် မော်တုံးရွာရှိ စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် ရိက္ခာကားများ နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ် ဇဝဲရွာနှင့် မော်တုံးရွာရှိ စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် ရိက္ခာကားများ နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဇဝဲရွာနှင့် မော်တုံးရွာရှိ စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် ရိက္ခာကားများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြိတ်မြို့နယ် တုံးဗျောကျေးရွာဘက်မှ ဇဝဲရွာနှင့် မော်တုံးရွာရှိ စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် ရိက္ခာကားများအား ဩဂုတ်လ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်တွင် ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲပြီးချိန်တွင် အပြန်အလှန်ပစ်ခတ်မှု (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဆိုသည်။

ထို့နောက် ဩဂုတ်လ (၇) ရက်နေ့ ညနေ (၄) နာရီခန့်ကလည်း မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၀၆) တပ်ရင်းမှ ခလရ (၅၅၆) တပ်ရင်းရှိသည့် ဇဝဲကျေးရွာဘက်သို့ လာသည့် ရိက္ခာကားကို ပူးပေါင်းတပ်မှထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် (၁၅)မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေနှင့် ပက်သက်ပြီး ဆက်လက်စုံစမ်းနေကြောင်း မြိတ်ခရိုင် ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဆိုသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်း ဆန်နှင့် ရိက္ခာသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ကန့်သတ်ထားကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများအား တနင်္သာရီ ပ.က.ဖ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗုံးကြီးအဖွဲ့နှင့် မြိတ်ပ.က.ဖ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဩဂုတ်လ (၇)ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ ကျေးရွာငါးရွာကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြိတ်ခရိုင်အတွင်း စစ်ရေးအရှိန်များမြင့်တက်လျှက်ရှိသဖြင့် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြပါရန် မြိတ်ခရိုင် ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း  (၁) က အသိပေးထားသည်။

#TachileikNewsAgency