လားရှိုးတိုက်ပွဲတွင် NUG မှ စေလွှတ်ထားသည့် ယင်းမာခရိုင်တပ်ရင်း ၃၄ မှ ရဲဘော်တစ်ဦးကျဆုံး

လားရှိုးတိုက်ပွဲတွင် NUG မှ စေလွှတ်ထားသည့် ယင်းမာခရိုင်တပ်ရင်း ၃၄ မှ ရဲဘော်တစ်ဦးကျဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း သက်ဆိုင်ရာတပ်ရင်းထံမှ သိရသည်။

လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအနီး စစ်ကောင်စီတပ် ခလရ(၆၇)နှင့် အင်အားဖြည့်စစ်ကြောင်းကို MNDAA ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် ဩဂုတ်လ (၃)ရက်နေ့က တိုက်ခိုက်ရာ ယင်းမာပင်ခရိုင်တပ်ရင်း(၃၄)မှ ရဲဘော်ချဲလေး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် MNDAA တပ်များနှင့် ချိတ်ဆက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များကို စေလွှတ်ကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။

“MNDAA ကိုရောက်တာကတော့ MoD ရဲ့ ချိတ်ဆက် ညွှန်ကြားချက်မှုနဲ့ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်ဖို့အတွက် ဖြစ်ပါတယ်။”ဟု ယင်းမာပင်ခရိုင်တပ်ရင်း(၃၄)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယင်းမာပင်ခရိုင်တပ်ရင်း(၃၄)သည် လားရှိုးတိုက်ပွဲအတွက် MNDAA တပ်ဖွဲ့ထံ တပ်ဖွဲ့ဝင်(၄၁)ဦးအထိ စေလွှတ်ပေးထားပြီး ရှမ်းမြောက်တွင် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရသည်။

“NUG ဆီက တပ်ရင်းရိက္ခာရတာလေးတွေကိုလည်း မြောက်ပိုင်းလွှတ်ထားတဲ့ ရဲဘော်တွေရဲ့ မိသားစု(သို့မဟုတ် )မိသားစုဝင်တွေကို တစ်ကြိမ်ရတိုင်း တစ်သိန်းစီ ထောက်ပံ့ပေးထားပါတယ်ခဗျ။”ဟု ၎င်းက ဆက်ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက် လားရှိုးမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ(၃)ရက်နေ့က MNDAA နှင့် ပူးပေါင်း တပ်များတိုက်ခိုက်သိမ်းပြီးနောက် လားရှိုးမြို့တွင်း စစ်ကောင်စီတပ်များကင်းစင်သွားပြီဖြစ်ကာ မြို့သန့်ရှင်းရေးနှင့် လုံခြုံရေးကို MNDAA က စတင်ဆောင်ရွက်နေပြီဖြစ်သည်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များသည် ရှမ်းမြောက်ရှိ TNLA တပ်များနှင့်လည်း ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်နေသည့်အပြင် ရခိုင်နှင့် မကွေးတိုင်းအစပ်တို့တွင်လည်း AA နှင့် ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency